ဟော်မုဇ်ရေလက်ကြားအရေးကြောင့် အီရန်ခေါင်းဆောင်ပိုင်းအတွင်း အက်ကြောင်းများ ပိုမိုထင်ရှားလာ

News Image

  • ဟော်မုဇ်ရေလက်ကြားအရေးကြောင့် အီရန်ခေါင်းဆောင်ပိုင်းအတွင်း အက်ကြောင်းများ ပိုမိုထင်ရှားလာ

အီရန်နိုင်ငံ၏ အချက်အခြာကျသော ဟော်မုဇ်ရေလက်ကြားဖွင့်လှစ်မှုနှင့်ပတ်သက်၍ အစိုးရအတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက် လာခြင်းသည် အီရန်ခေါင်းဆောင်ပိုင်းကြားရှိ နက်ရှိုင်းသော အကွဲအပြားများကိုဖော်ပြနေကြောင်း ဒေသတွင်းကျွမ်းကျင်သူများက သုံးသပ်ထား သည်။ အဆိုပါဖြစ်ရပ်သည် ရိုးရှင်းသော နိုင်ငံရေးသဘောထားကွဲလွဲမှုထက် အမေရိကန်အပေါ်ထားရှိမည့် ရေရှည်မဟာဗျူဟာနှင့်ပတ်သက်၍ အီရန်အာဏာပိုင်များကြား အားပြိုင်နေသည့် အခြေအနေကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၁၇) က အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ဟော်မုဇ်ရေလက်ကြားသည် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ သို့သော် နာရီပိုင်း အတွင်းမှာပင် အီရန်အစိုးရပိုင် မီဒီယာများနှင့် သဘောထားတင်းမာသည့် သတင်းဌာနများက အဆိုပါပြောကြားချက်ကို ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

Tasnim နှင့် Mehr News ကဲ့သို့သော ရှေးရိုးစွဲသတင်းဌာနများက နိုင်ငံခြားရေးဝန်ကြီး၏ လုပ်ရပ်သည် အားနည်းချက်ရှိပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အနေအထားကို အသာစီးရစေကြောင်း ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြကာ စစ်တပ်၏ အပြည့်အဝ ကြီးကြပ်မှုအောက်တွင်သာ ရှိနေကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

အစ္စရေးအမျိုးသားလုံခြုံရေးလေ့လာမှုတက္ကသိုလ် (INSS) မှ အီရန် အရေးကျွမ်းကျင်သူ Danny Citrinowicz ၏ အဆိုအရ ထိုဖြစ်ရပ်သည် သမ္မတ Pezeshkian ဦးဆောင်သော လက်တွေ့ကျသည့် နိုင်ငံရေးခေါင်းဆောင်ပိုင်းနှင့် သဘောထားတင်းမာသည့် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကြားရှိ ကြီးထွားလာသော မယုံကြည်မှုကို ထင်ဟပ်နေခြင်းဖြစ်သည်။ အီရန် အစိုးရအနေဖြင့် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကိုပြသရန် ကြိုးပမ်းနေသော်လည်း ယခုဝေဖန်မှုများက ထိုညီညွတ်ရေးသည် အလွန်ပင် ထိလွယ်ရှလွယ်ဖြစ်နေကြောင်း ပြသနေသည်။

လက်ရှိအခြေအနေအရ အီရန်၏ အာဏာချိန်ခွင်လျှာသည် သဘောထားတင်းမာသည့် အုပ်စုများဘက်သို့ ပိုမိုယိမ်းနေပြီး နောင်တွင် အမေရိကန် နှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်သည့် အလားအလာရှိသော်လည်း အီရန်သည် ၎င်း၏ အဓိကမဟာဗျူဟာမြောက် ရပ်တည်ချက်ဖြစ်သော ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုအပေါ်  အလျှော့ပေးမည်မဟုတ်ကြောင်း သုံးသပ်ရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး