နေတိုးအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ရန်နှင့် အစ္စရေးနှင့်ဆက်ဆံရေးဖြတ်တောက်ရန် စပိန်တွင်တောင်းဆိုမှုများပေါ်ပေါက်

News Image

  • နေတိုးအဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ရန်နှင့် အစ္စရေးနှင့်ဆက်ဆံရေးဖြတ်တောက်ရန် စပိန်တွင်တောင်းဆိုမှုများပေါ်ပေါက်

စပိန်နိုင်ငံအနေဖြင့် နေတိုးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန်နှင့် အစ္စရေးနိုင်ငံနှင့် စီးပွားရေး၊ သံတမန်ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးအားလုံးကို ချက်ချင်းဖြတ်တောက်ရန် အစိုးရအား လက်ဝဲယိမ်းပိုဒီမို့စ်ပါတီမှ ကိုယ်စားလှယ် ပက်ဘလိုဖာနန်ဒက်စ်က ဧပြီလ ၂၀ ရက်တွင် တောင်းဆိုခဲ့သည်။

ထို့ပြင် ပိုဒီမို့စ်ပါတီသည် စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်းချက်၏ ရပ်တည်ချက်ကို ဝေဖန်ခဲ့ပြီး ဥရောပသမဂ္ဂနှင့် အစ္စရေးနိုင်ငံတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်ကို ရပ်ဆိုင်းရန် လုပ်ဆောင်သည့် ကနဦးခြေလှမ်းများမှာ လူထုအာရုံစိုက်စေရန် ရည်ရွယ်သည့် နိုင်ငံရေးလှည့်ကွက်သာဖြစ်ကြောင်း ဖာနန်ဒက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့အတူ စပိန်အစိုးရအနေဖြင့် ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်များကို မစောင့်ဆိုင်းဘဲ အစ္စရေးနှင့် ကုန်သွယ်ရေး၊ အားကစားနှင့် သံတမန်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်သင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။ တစ်ချိန်တည်းတွင် စပိန်၏ နေတိုးနှင့် အမေရိကန်အပေါ် မှီခိုမှုကိုလည်း ဝေဖန်ပြောဆိုခဲ့သည်။

ထို့အပြင် စပိန်နိုင်ငံရှိ ရိုတာနှင့် မိုရွန်အခြေစိုက်စခန်းများမှ အမေရိကန်စစ်သည်များကို ရုပ်သိမ်းပေးရန်နှင့် စပိန်နိုင်ငံအနေဖြင့် နေတိုးအဖွဲ့မှ နုတ်ထွက်ရန် သို့မဟုတ် အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပေးရန်လည်း ဖာနန်ဒက်စ်က တောင်းဆိုထားသည်။

MWD