အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်တောင်းဆိုမှုကို အီရန်ပြောကြား
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် စစ်ပွဲများကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ရေးဆွဲရန် အမေရိကန်အစိုးရက အီရန်နိုင်ငံအား တောင်းဆိုထားကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး ကာဇင်ဂျာလာလီက ဧပြီလ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်အစိုးရအနေဖြင့် အချက် ၁၅ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအစီအစဉ်တစ်ရပ်ကို အီရန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ သို့သော် ယင်းကာလအတွင်း အီရန်နိုင်ငံသည် အမေရိကန်၏ တိုက်ခိုက်မှုများကို ဆက်တိုက်တွန်းလှန်နေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က ချက်ချင်းပယ်ချခဲ့ပြီး သဘောတူညီနိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့နောက်တွင် အမေရိကန်အစိုးရကိုယ်တိုင်က ငြိမ်းချမ်းရေးအစီအစဉ်သစ်တစ်ခုရေးဆွဲရန် အီရန်နိုင်ငံအား ကြားခံများမှတစ်ဆင့် တောင်းဆိုအကြံပြုလာခဲ့ခြင်းဖြစ်ကြောင်း Vedomosti သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဂျာလာလီက ပြောကြားထားသည်။
အီရန်၏ အဆိုပါပြောကြားချက်များသည် အီရန်ကုန်တင်သင်္ဘောတစ်စင်းကို အမေရိကန်စစ်ဘက်က အိုမန်ပင်လယ်ကွေ့အတွင်း သိမ်းဆည်းလိုက်ပြီးနောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ချမှတ်ထားသည့် အပစ်အခတ်ရပ်စဲရေးမှာလည်း မကြာမီ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် မရေမရာအခြေအနေတွင် ဆက်လက်တည်ရှိနေကြောင်း သုံးသပ်ရသည်။
mwd

,
,