ထရမ့်၏ ပြောဆိုချက်များမှာ လိမ်ညာမှုများသာဖြစ်ကြောင်းနှင့် ဟော်မုဇ် ရေလက်ကြားအား ပြန်လည်ပိတ်ဆို့ကြောင်း အီရန် ထုတ်ပြန်
အီရန်အစိုးရက ကမ္ဘာ့ရေနံစိမ်းကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားအား ယာယီပြန်လည် ဖွင့်လှစ်ပေးမည်ဟု ကြေညာခဲ့ခြင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တုံ့ပြန်ပြောကြားချက်များမှာ လိမ်ညာမှုများသာဖြစ်ကြောင်း အီရန် လွှတ်တော်ဥက္ကဋ္ဌနှင့် ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ် က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ သမ္မတထရမ့်သည် တစ်နာရီအတွင်း အချက်အလက် ၇ ခုကို ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ထိုအချက်အားလုံးမှာ မှားယွင်းနေကြောင်း ဂါလီဘတ်ဖ်က တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သောကြာနေ့ (ဧပြီ ၁၇) က အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက အစ္စရေးနှင့် လက်ဘနွန်တို့အကြား ဆယ်ရက်ကြာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ကုန်သွယ်ရေးသင်္ဘောများအတွက် ရေလမ်းကြောင်းအား "အပြည့်အဝ ဖွင့်လှစ်ပေးမည်" ဟု ကြေညာခဲ့ရာ ကမ္ဘာ့ရေနံဈေးနှုန်း ၁၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတက ၎င်း၏ Truth Social လူမှု ကွန်ရက် တွင် အီရန်အနေဖြင့် ရေလက်ကြားအား နောက်နောင် မည်သည့်အခါမျှ ပြန်လည်မပိတ်ရန် သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မှုသည် လက်ဘနွန်အရေးနှင့် မသက်ဆိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်အများစုကို ညှိနှိုင်းပြီးဖြစ်ကြောင်း ရေးသားခဲ့သည်။
အဆိုပါ ပြောဆိုချက်များနှင့်ပတ်သက်၍ အီရန်ဘက်က ငြင်းဆိုလိုက်ပြီး စနေနေ့ (ဧပြီ ၁၈) တွင် ရေလမ်းကြောင်းအား မူလအခြေအနေအတိုင်း ပြန်လည်ပိတ်ဆို့ကာ စစ်တပ်၏ တင်းကျပ်သောထိန်းချုပ်မှုအောက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ကို ပြောင်းလဲကာပြန်လည်ပိတ်ဆို့ရခြင်းမှာ အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်က ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု အီရန်အရာရှိများက ရှင်းလင်းပြောကြားခဲ့သည်။
ဂါလီဘတ်ဖ်က အမေရိကန်၏ လုပ်ရပ်များကို ပင်လယ်ဓားပြဆန်သောလုပ်ရပ်ဟု စွပ်စွဲလိုက်ပြီး အမေရိကန်တို့အနေဖြင့် လိမ်ညာမှုများဖြင့် စစ်ပွဲတွင်အနိုင်မရနိုင်သကဲ့သို့ ဆွေးနွေးပွဲများတွင်လည်း ရလဒ်ထွက်ပေါ် လာမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။ ထို့အပြင် ဟော်မုဇ် ရေလက်ကြား ထိန်းချုပ်မှုသည် ဆိုရှယ်မီဒီယာပေါ်တွင်မဟုတ်ဘဲ လက်တွေ့ မြေပြင်အခြေအနေပေါ်တွင်သာ မူတည်ကြောင်းနှင့် အီရန်ပြည်သူများ သည် အမေရိကန်၏ မီဒီယာစစ်ပွဲနှင့် လူထုအမြင်ကို လှည့်စားသည့်လှည့်ကွက်များကြောင့် အထိခိုက်ခံမည်မဟုတ်ကြောင်း ၎င်းက အလေး အနက် ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,