ဗီယက်နမ်နိုင်ငံ တန်ဆွန်နတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို လောင်သန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြောင်းလဲပြေးဆွဲမည်

News Image

  • ဗီယက်နမ်နိုင်ငံ တန်ဆွန်နတ်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နိုင်ငံတကာလေကြောင်းခရီးစဉ်များကို လောင်သန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြောင်းလဲပြေးဆွဲမည်

ဟနွိုင်း   ဧပြီ   ၂၀

ဗီယက်နမ်နိုင်ငံ  တောင်ပိုင်းဒေသမြို့တော်ဖြစ်သည့် ဟိုချီမင်းမြို့ တန်ဆွန်နတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြေးဆွဲနေသည့်   နိုင်ငံတကာလေကြောင်းခရီးစဉ်များ၏ ၉၀   ရာခိုင်နှုန်းကို လာမည့်နှစ်မှစတင်၍ လောင်သန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ လေဆိပ်များဆိုင်ရာ ကော်ပိုရေးရှင်း၏ ပြောကြားချက်ကို ကိုးကား၍ ဒေသခံမီဒီယာ သန်နန်းသတင်းစာက ဧပြီ ၂၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းကော်ပိုရေးရှင်းက အဆိုပြုသည့် အစီအမံအရ နိုင်ငံတကာခရီးစဉ်များကို  လောင်သန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောင်းလဲပြေးဆွဲခြင်းဖြစ်သည်။ ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၇ ခုနှစ် မတ် ၂၇ ရက်အထိ နိုင်ငံတကာခရီးစဉ်များ၏ ၁၉ ရာခိုင်နှုန်းကို လောင်သန်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြောင်းလဲပြေးဆွဲမည်ဖြစ်ပြီး နိုင်ငံတကာခရီးစဉ်များ၏ ၉၀ ရာခိုင်နှုန်းကျော်ကို လောင်သန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၂၇ ခုနှစ်အတွင်း ပြေးဆွဲမည်ဟု သိရသည်။

၂၀၃၀ ပြည့်နှစ်မှစတင်၍ နိုင်ငံတကာခရီးစဉ်များကို လောင်သန်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သာ ပြေးဆွဲမည်ဖြစ်သည်။

တန်ဆွန်နတ်လေဆိပ်တွင် ပြည်တွင်းလေကြောင်းခရီးစဉ်များနှင့် နိုင်ငံတကာစင်းလုံးငှား လေကြောင်းခရီးများအပါအဝင် သတ်မှတ်ထားသည့် နိုင်ငံတကာအထူးခရီးစဉ်အချို့သာ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ

MDN