ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာဖြန့်ဖြူးမှုစနစ်ထိခိုက်
ရောမ ဧပြီ ၂၂
ကမ္ဘာပေါ်တွင် အပူချိန်မြင့်တက်လာခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စားရေရိက္ခာဖြန့်ဖြူးမှုစနစ် ထိခိုက်ကာ ကမ္ဘာ့လူဦးရေ တစ်ဘီလီယံကျော်၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့နှင့် ကမ္ဘာ့မိုးလေဝသအဖွဲ့တို့က ဧပြီ ၂၂ ရက် တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
အပူချိန်မြင့်တက်ခြင်းနှင့် စိုက်ပျိုးရေးအမည်ရှိ မှတ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ရာတွင် လက်ရှိကမ္ဘာပေါ်တွင် ရာစုနှစ် တစ်ဝက်ကျော်မျှ ဖြစ်ခဲ့သည့် အပူချိန်မြင့်တက်မှုကြောင့် စိုက်ပျိုးရေးစနစ်များနှင့် မြေယာရှုခင်းများအပေါ် အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။ အပူချိန် ၃၀ ဒီဂရီဆဲစီးယက်စ်အထက် ကျော်လွန်ရောက်ရှိသည့်အချိန်တွင် စိုက်ပျိုးသီးနှံများ စတင်ပျက်စီးပြီး မွေးမြူရေးတိရစ္ဆာန်များမှာ အပူချိန် ၂၅ ဒီဂရီဆဲစီးယက်စ်ထက် ကျော်လွန်ပါက ထိခိုက်မှုများရှိကြောင်း သိရသည်။ ကမ္ဘာ့သမုဒ္ဒရာများ၏ ၉၁ရာခိုင်နှုန်းသည် ၂၀၂၄ ခုနှစ်က အပူလှိုင်းဖြတ်သန်း မှုခံခဲ့ရသည်။ တောင်အာရှနှင့် အာဖရိကဒေသများတွင် တစ်နှစ်လျှင် ရက်ပေါင်း ၂၅၀ သည် အလွန်ပူပြင်းသည့် နေ့ရက်များဖြစ်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူများအတွက် အခက်အခဲများ ရှိခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကြောင့် မိုးခေါင်ရေရှားမှုများ၊ ရောဂါကူးစက်ပျံ့နှံ့မှု များနှင့် တောမီးလောင်ကျွမ်းမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းသည် သီးနှံစိုက်ပျိုးရေး၊ ငါးမွေးမြူရေးနှင့် သစ်တောများအပေါ်တွင် အကျိုးသက်ရောက်မှုများရှိလာသဖြင့် သင့်တော်သည့် နည်းလမ်းများဖြင့် စောင့်ရှောက်ကာကွယ်ရမည်ဖြစ်ကြောင်း ၎င်းမှတ်တမ်းက ဆိုသည်။
ကမ္ဘာ့အပူချိန် မြင့်တက်မှုကြောင့် ရာသီဥတုပြောင်းလဲမှုများဖြစ်ကာ စိုက်ပျိုးထုတ်လုပ်ရေးစနစ်များအပေါ်တွင် အကျိုးသက်ရောက်မှုများရှိလာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ အတွင်းရေးမှူးချုပ် ဆီလက် စတီဆော်လိုက ပြောကြားသည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုအပေါ် လက်တွေ့ကျသည့် နည်းစနစ်များဖြင့် ဖြေရှင်းဆောင်ရွက်ပြီး စားရေရိက္ခာဖူလုံရေးနှင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် ကမ္ဘာ့နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းမှတ်တမ်းအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ
MDN
