အီရန်စစ်ပွဲကြောင့် စစ်အခြေစိုက်စခန်းများ ပျက်စီးဆုံးရှုံးမှုကို ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ် မည်မျှရှိမည်ကို ပင်တဂွန် အတည်မပြုနိုင်သေး
အီရန်နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများနှင့် အဆောက်အအုံများအား ပြန်လည်ပြုပြင်ရန် ကုန်ကျစရိတ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်မပြုနိုင်သေးသကဲ့သို့ အဆိုပါ ပြုပြင်ရေးစရိတ်များကို လာမည့်နှစ်အတွက် တောင်းခံထားသည့်ဌာန၏ ဒေါ်လာ ၁.၅ ထရီလီယံ ဘတ်ဂျက်တွင်လည်း ထည့်သွင်းထားခြင်း မရှိသေးပေ။
"ဒါဟာ (၂၀၂၇) ခုနှစ် ဘတ်ဂျက်တောင်းခံမှုမှာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး၊ အကြောင်းရင်းတစ်ခုကတော့ အရှေ့အလယ်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အနေအထားက ဘယ်လိုဖြစ်သင့်သလဲဆိုတာကို အရင်ဆုံး အကဲဖြတ်ရမှာဖြစ်လို့ပါ၊ အနာဂတ်မှာ ဘယ်လိုပုံစံမျိုး တည်ဆောက်ချင် သလဲဆိုတာကို သေချာနားလည်အောင် အရင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်" ဟု ပင်တဂွန်စစ်ဌာနချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူထားသူ Jules ‘Jay’ Hurst III က ဧပြီ ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဘတ်ဂျက်ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ပြည်ပရှိ စစ်ဘက်ဆိုင်ရာအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုအတွက် နောက်ဆုံးကုန်ကျစရိတ် ကိန်းဂဏန်းကို မသိရှိရသေးကြောင်းနှင့် ၎င်းမှာ အဆိုပါစခန်းများကို မည်ကဲ့သို့ ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ချက်ချမှတ်မှု သို့မဟုတ် ပြန်လည်တည်ဆောက်ခြင်း ရှိ၊ မရှိ ဆိုသည့် အချက် ပေါ်တွင်မူတည်နေကြောင်း Hurst က ဆိုသည်။
"ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကလည်း အဲဒီတည်ဆောက်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်ခြေရှိပါတယ် ၊ ဒါကြောင့် အဲဒီအဆောက်အအုံတွေကို ပြန်လည်ထူထောင်ဖို့ ဘယ်လောက်ကုန်ကျမလဲဆိုတဲ့ အကောင်းဆုံးခန့်မှန်းချက်မျိုး ကျွန်တော်တို့မှာ မရှိသေးတာဖြစ်ပါတယ်" ဟု Hurst က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရရှိမီကာလအတွင်း ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များနှင့် အခြေစိုက်စခန်း များသည် အီရန်၏ ဒရုန်းများ၊ ဒုံးကျည်များဖြင့် အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အမေရိကန် အဆောက်အအုံများ ပြန်လည် ပြုပြင်ရန်အတွက် ဆောက်လုပ်ရေးရန်ပုံငွေတောင်းခံမှုမှန်သမျှကို နောင်တွင် သီးခြားဘတ်ဂျက်အဖြစ် တောင်းခံသွားမည်ဖြစ်ကြောင်း Hurst က ပြောကြားခဲ့သည်။
၂၀၂၇ ခုနှစ်အတွက် တောင်းခံထားသော ဒေါ်လာ ၁.၅ ထရီလီယံ ဘတ်ဂျက်မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ရန်ပုံငွေကို ၄၂ ရာခိုင်နှုန်းအထိ တိုးမြှင့် တောင်းခံထားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက အင်္ဂါနေ့ (ဧပြီ ၂၁) တွင် ပြောကြားခဲ့သည်။
ကိုးကား- CNN
Photo: The New York Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
