အိန္ဒိယ သမုဒ္ဒရာအတွင်း အီရန်နှင့်ဆက်နွှယ်သည့် MT Tifani ဆီတင်သင်္ဘောကို အမေရိကန်တပ်ဖွဲ့များ ဖမ်းဆီး
ယခုသီတင်းပတ်အတွင်း အိန္ဒိယသမုဒ္ဒရာ၌ အမေရိကန်တပ်ဖွဲ့များ ကြားဖြတ်တားဆီးလိုက်သည့် အီရန်နှင့်ဆက်နွှယ်နေသော ပိတ်ဆို့ အရေးယူခံထားရသည့် ဆီတင်သင်္ဘောသည် ပြီးခဲ့သည့် သြဂုတ်လက မလေးရှားကမ်းလွန်တွင် သင်္ဘောအချင်းချင်းကုန်ပစ္စည်းလွှဲပြောင်းမှု ပြုလုပ်ခဲ့ကြောင်း CNN က ရရှိထားသည့် ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်း များအရ သိရှိရသည်။
ရေနံစိမ်းစည်ပေါင်း ၂ သန်း တင်ဆောင်နိုင်သည့် MT Tifani သင်္ဘောကို အင်္ဂါနေ့ (ဧပြီ ၂၁) က သီရိလင်္ကာနှင့် အင်ဒိုနီးရှား နိုင်ငံအကြားတွင် တားဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းနေရာသည် ပါရှန်ပင်လယ်ကွေ့မှ မိုင်ပေါင်း ၂,၀၀၀ ကျော် ကွာဝေးပြီး အီရန်ကို ထောက်ပံ့ပေးနေသည့် တရားမဝင် ကွန်ရက်များကို မည်သည့်နေရာတွင်မဆိုဖြိုခွဲရန် အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဂြိုဟ်တုဓာတ်ပုံတစ်ပုံတွင် MT Tifani (IMO 9273337) သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းက Macho Queen အမည်ရှိ အခြားဆီတင် သင်္ဘောတစ်စင်းနှင့် ဘေးချင်းယှဉ်လျက်ရှိနေသည်ကို တွေ့ရသည်။ CNN သည် ဂြိုဟ်တုဓာတ်ပုံပါ သင်္ဘောများ၏ အလျားနှင့် အခြားအမြင် အာရုံဆိုင်ရာ ဝိသေသလက္ခဏာများကို နှိုင်းယှဉ်ကာ ၎င်းသင်္ဘောများဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံရိုက်ယူခဲ့သည့် တည်နေရာသည်လည်း ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်းက MT Tifani ၏ အချက်ပြစနစ် (Tracking system) ယာယီ မပိတ်မီ နောက်ဆုံးအချက်ပြခဲ့သည့် နေရာနှင့် ကိုက်ညီနေသည်။ ရေကြောင်းဆိုင်ရာ အချက်အလက်လေ့လာရေးအဖွဲ့ဖြစ်သော Kpler ၏ အဆိုအရ ခြေရာခံကိရိယာများကိုပိတ်ထားခြင်းသည် ပိတ်ဆို့အရေးယူခံထားရသော အီရန် ရေနံစိမ်းများကို သယ်ဆောင်သည့်သင်္ဘောများတွင် အများအားဖြင့်တွေ့ရလေ့ရှိသော နည်းလမ်းတစ်ခု ဖြစ်သည်။
ကိုးကား- CNN
Photo: The New York Times
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,