ကျောင်းသားများပါဝင်နေသည့် နိုင်ငံတကာ အွန်လိုင်းလောင်းကစားဂိုဏ်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ဖြိုခွင်း

News Image

  • ကျောင်းသားများပါဝင်နေသည့် နိုင်ငံတကာ အွန်လိုင်းလောင်းကစားဂိုဏ်းကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ ဖြိုခွင်း

အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းတွင် ကမ္ဘောဒီးယားနိုင်ငံမှ ထိန်းချုပ်နေသည့် ကျောင်းသားများပါဝင်သော နိုင်ငံတကာ အွန်လိုင်းလောင်းကစားကွန်ရက်တစ်ခုကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီး ဖြိုခွင်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း ကျောင်းသားသုံးဦးအပါအဝင် သံသယရှိသူ လေးဦးကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးခံရသူများသည် အသက် ၂၂ နှစ်မှ ၃၁ နှစ်အတွင်းရှိ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး ၎င်းတို့သည် ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများတွင် လုပ်ကိုင်ဖူးသူများဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယားတွင် လောင်းကစားလုပ်ငန်းများ ဝင်ရောက်စီးနင်းခံရပြီးနောက် ၎င်းတို့သည် ဘာလီသို့ ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ဘာလီရဲတပ်ဖွဲ့ ဆိုက်ဘာမှုခင်းဌာနညွှန်ကြားရေးမှူး အက်ဇာရီကာနီယာဝမ်က ဧပြီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ဖော်ပြချက်အရ ကျောင်းသားသုံးဦးသည် တစ်ရက်လျှင် အင်ဒိုနီးရှားနိုင်ငံသား ၄၀၀ ခန့်ထံသို့ ဆက်သွယ်ကာ လောင်းကစားအပလီကေးရှင်းများကို အရောင်းမြှင့်တင်ပေးသည့် တယ်လီမာကက်တင်းဝန်ထမ်းများအဖြစ် လုပ်ကိုင်ခဲ့ကြပြီး ကျန်တစ်ဦးမှာ ဖောက်သည်ဝန်ဆောင်မှုလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ခဲ့သည်။

ရဲတပ်ဖွဲ့က ဆိုက်ဘာကင်းလှည့်မှုများမှတစ်ဆင့် အဆိုပါကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ဧပြီလ ၁၂ ရက်တွင် ၎င်းတို့နေရာကို ဝင်ရောက်စီးနင်းခဲ့သည်။ ထိုစီးနင်းမှုအတွင်း လက်တော့ပ်ကွန်ပျူတာလေးလုံးနှင့် လက်ကိုင်ဖုန်းငါးလုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Ref: Xinhua

MWD