အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်အရာရှိချုပ် ကာကွယ်ရေးအသုံးစရိတ်ကိစ္စ ကွန်ဂရက်တွင် ကြားနာစစ်ဆေးခံရမည်

News Image

  • အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဘက်အရာရှိချုပ် ကာကွယ်ရေး အသုံးစရိတ်ကိစ္စ ကွန်ဂရက်တွင် ကြားနာစစ်ဆေးခံရမည်

အီရန်နိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth နှင့် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine တို့သည် ၎င်းတို့ဌာန၏ ဘတ်ဂျက်တောင်းခံမှုနှင့်ပတ်သက်၍ ဧပြီ ၂၉ ရက်နေ့တွင် ကွန်ဂရက်လွှတ်တော်၌ ပထမဆုံးအကြိမ်အဖြစ် ကြားနာစစ်ဆေးခံကြရမည်ဖြစ်သည်။ အဆိုပါကြားနာပွဲကို အောက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များကော်မတီက အရှေ့ဘက်စံတော်ချိန် နံနက် ၁၀ နာရီတွင် ကျင်းပသွားရန်စီစဉ်ထားပြီး စစ်ပွဲစတင်ကတည်းက လွှတ်တော်အမတ်များအနေဖြင့် ထိပ်တန်းအရာရှိကြီးများကို တိုက်ရိုက်မေးမြန်းခွင့်ရသည့် ပထမဆုံးသော အခွင့်အရေးလည်းဖြစ်သည်။

အိမ်ဖြူတော်သည် ၂၀၂၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၁.၅ ထရီလီယံအထိ တောင်းခံထားကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုပမာဏသည် ပြီးခဲ့သည့်နှစ်ထက် ၄၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားလာခြင်းဖြစ်ပြီး အမေရိကန်၏ ခေတ်သစ်သမိုင်းတစ်လျှောက် စစ်အသုံးစရိတ် အမြင့်မားဆုံးအမှတ်သို့ ရောက်ရှိလာခြင်းလည်း ဖြစ်သည်။ 

အဆိုပါ ဘတ်ဂျက်တောင်းခံမှုအပေါ် ကာကွယ်ရေးဝန်ကြီး Hegseth က ကြိုဆိုထောက်ခံထားပြီး နိုင်ငံ၏ နှစ်ပေါင်း ၂၅၀ သမိုင်းတစ်လျှောက် အရှုပ်ထွေးဆုံးသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် ဝေဟင်၊ ရေပြင်၊ မြေပြင်၊ အာကာသနှင့် ဆိုက်ဘာနယ်ပယ်များ၌ ရန်သူများကို ထိရောက်စွာတုံ့ပြန်နိုင်ရန်အတွက် ထိုသမိုင်းဝင်ဘတ်ဂျက်သည် မရှိမဖြစ်လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။ 

သို့ဖြစ်ရာ ဧပြီ ၂၉ တွင်နေ့ကျင်းပမည့် ကြားနာပွဲသည် စစ်ပွဲကာလအတွင်း အစိုးရ၏ စစ်ရေးဗျူဟာနှင့် ငွေကြေးသုံးစွဲမှုအပေါ် လွှတ်တော်တွင်းအချေအတင်ဆွေးနွေးမှုများ ပြင်းထန်လာမည့်အခြေအနေတစ်ရပ် ဖြစ်နေသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး