လက်ဘနွန် တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ညီအစ်ကို နှစ်ဦး သေဆုံး
လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် တာဝန်ချိန် ပြင်ပရောက် လက်ဘနွန်စစ်သားတစ်ဦးနှင့် ၎င်း၏ညီဖြစ်သူတို့ သေဆုံးခဲ့ကြောင်း လက်ဘနွန်စစ်တပ်က ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိထားသော်လည်း အစ္စရေး သည် လက်ဘနွန်နိုင်ငံအတွင်း ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားရာတွင် အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်ခွင့် ရှိကြောင်း အပစ်ရပ်စဲရေးစည်းကမ်းချက်များတွင် ပါဝင်သည်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆိုသည်။
" Bint Jbeil ခရိုင်ရှိ Khirbet Selm မြို့မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ စစ်သားတစ်ဦးနဲ့ သူရဲ့ညီဖြစ်သူတို့ကို အစ္စရေးရဲ့တိုက်ခိုက်မှုက ပစ်မှတ် ထားခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်" ဟု လက်ဘနွန်စစ်တပ်က လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
