ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောနှစ်စင်းတိုက်ခိုက်ခံရကြောင်း ရေကြောင်းအေဂျင်စီ ပြောကြား
ဗြိတိန်ရေကြောင်းကုန်သွယ်ရေး စစ်ဆင်ရေးအဖွဲ့ (UKMTO) ၏ ပြောကြားချက်အရ ဗုဒ္ဓဟူးနေ့ (ဧပြီ ၂၂) က ဟော်မုဇ် ရေလက်ကြားအတွင်း ကုန်သေတ္တာတင်သင်္ဘောနှစ်စင်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရှိရသည်။
အိုမန်နိုင်ငံ၏ အရှေ့မြောက်ဘက် ရေမိုင် ၁၅ မိုင်အကွာတွင် ဖြစ်ပွားခဲ့သော ပထမဆုံးဖြစ်စဉ်တစ်ခုအား သတင်းပေးပို့ချက်ရရှိခဲ့ကြောင်း UKMTO က ဆိုသည်။ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ စစ်ရေယာဉ်တစ်စင်းက အနားသို့ကပ်လာပြီး ပစ်ခတ်ခဲ့သဖြင့် သင်္ဘော၏ ပဲ့ထိန်းခန်း (Bridge) မှာ ပြင်းထန်စွာပျက်စီးသွားခဲ့ကြောင်း အဆိုပါ သင်္ဘောက သတင်းပို့ခဲ့ပြီး သင်္ဘောသားအားလုံးဘေးကင်းကြောင်း သိရှိ ရသည်။
ဒုတိယဖြစ်စဉ်မှာ အီရန် နိုင်ငံ၏ အနောက်ဘက် ရေမိုင် ၈ မိုင်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြင်သို့ထွက်ခွာလာသည့် ကုန်တင်သင်္ဘောတစ်စင်း၏ ကပ္ပတိန်က ၎င်းတို့သင်္ဘော ပစ်ခတ်ခံခဲ့ရပြီး ရေပြင်တွင် ရပ်တန့်နေရသည်ဟု သတင်းပို့ခဲ့သည်။ သင်္ဘောသားများဘေးကင်းပြီး သင်္ဘောပျက်စီးမှုမရှိကြောင်း UKMTO က ပြောကြားခဲ့သည်။
"ဟော်မုဇ်ရေလက်ကြား ဧရိယာအတွင်း လှုပ်ရှားမှုတွေ အလွန်များပြားနေတာကို UKMTO အနေနဲ့ သတိပြုမိပြီး သင်္ဘောတွေအနေနဲ့ သံသယ ဖြစ်ဖွယ် လှုပ်ရှားမှုတစ်စုံတစ်ရာရှိခဲ့ရင် သတင်းပို့ကြဖို့ တိုက်တွန်းပါတယ်" ဟု ရေကြောင်းအေဂျင်စီက ဆိုသည်။
IRGC ရေတပ်ကမူ စည်းကမ်းချိုးဖောက်သည့် သင်္ဘောနှစ်စင်းကိုဖမ်းဆီးပြီး အီရန်ကမ်းခြေသို့ လွှဲပြောင်းပေးလိုက်ကြောင်း အီရန် နိုင်ငံပိုင် Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ ဖမ်းဆီးခံရသည့် သင်္ဘောတစ်စင်းမှာ အစ္စရေးနှင့်ဆက်နွှယ်မှုရှိသည်ဟု စွပ်စွဲခံထားရပြီး အခြားတစ်စင်း မှာမူ လိုအပ်သောခွင့်ပြုချက်မရှိခြင်းနှင့် သင်္ဘောသွားလာရေးစနစ် (Navigation System) ကို လိမ်လည်အသုံးပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟု Tasnim သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်၏ပိတ်ဆို့မှုကို မဖယ်ရှားမချင်း အဆိုပါရေလက်ကြားကို ပိတ်ထားမည်ဟု IRGC က ယခင်ကတည်းက ပြောကြားထားဖူးသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
