ဩစတြေးလျ၏ ကာကွယ်ရေးစွမ်းရည်တိုးမြှင့်မည့် Bushmaster သံချပ်ကာယာဉ်များ ထပ်မံထုတ်လုပ်မည်
ဩစတြေးလျကာကွယ်ရေးစွမ်းရည်ကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် မျိုးဆက်သစ် Bushmaster သံချပ်ကာယာဉ် အစီးရေ ၂၆၈ စီးကို ထပ်မံထုတ်လုပ်ရန် ဩစတြေးလျအစိုးရက ဒေါ်လာသန်း ၇၅၀ ရင်းနှီးမြှုပ်နှံလိုက်ကြောင်း သိရသည်။
အဆိုပါယာဉ်များကို Thales Australia ကုမ္ပဏီက တာဝန်ယူထုတ်လုပ်မည်ဖြစ်ပြီး စစ်မြေပြင်တွင် တပ်မတော်သားများ အန္တရာယ်ကင်းစွာဖြင့် တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ယာဉ်အသစ်များတွင် ယခင်ထက် ပိုမိုကောင်းမွန်သည့် သံချပ်ကာအကာအကွယ်များ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ခေတ်မီဆက်သွယ်ရေးစနစ်များ ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် ယာဉ်အမိုးပေါ်တွင် စွမ်းအားကြီးမားသည့် လက်နက်များ တပ်ဆင်နိုင်သည့်အပြင် အာရုံခံကိရိယာအစုံအလင်နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။
ယာဉ်အတွင်းခန်းကိုလည်း လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်အောင် ဒီဇိုင်းပြုလုပ်ထားကြောင်း သိရသည်။
Bushmaster ယာဉ်များသည် စစ်မြေပြင်တွင် စွမ်းဆောင်ရည်ကောင်းမွန်မှုကြောင့် နာမည်ကျော်ကြားပြီး ဗြိတိန်၊ ဂျပန်နှင့် နယူးဇီလန်အပါအဝင် နိုင်ငံရှစ်နိုင်ငံသို့ တင်ပို့အသုံးပြုထားပြီးဖြစ်သည်။
အဆိုပါ မျိုးဆက်သစ် သံချပ်ကာယာဉ်များကို ၂၀၂၇ ခုနှစ်တွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
MWD
