ပဋိပက္ခများကြောင့် ကလေးသူငယ်များ ထိခိုက်ရမှုအပေါ် ယူနီဆက်ဖ်က အထူးစိုးရိမ်မကင်းဖြစ်

News Image

  • ပဋိပက္ခများကြောင့် ကလေးသူငယ်များ ထိခိုက်ရမှုအပေါ် ယူနီဆက်ဖ်က အထူးစိုးရိမ်မကင်းဖြစ်

နယူးယောက်  ဧပြီ  ၂၇

ပဋိပက္ခများ၏ ဆိုးကျိုးကို ကလေးသူငယ်များက ခါးစည်းခံစားနေကြရသည်ဟုဆိုလိုက်ပြီး ယင်းအတွက်ကြောင့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခဖြစ်ပွားမှုများ အမြန်ဆုံးရပ်တန့်ကာ အမြဲတမ်းအပစ်အခတ်ရပ်စဲရန်အတွက်  ယူနီဆက်ဖ်အကြီးအကဲက တောင်းဆိုလိုက်သည်။ NHK သတင်းဌာန၏ အဆိုအရ ယူနီဆက်ဖ်အမှုဆောင်ဒါရိုက်တာ ကက်သရင်းရပ်ဆဲလ်ကို ဧပြီ ၂၇ ရက်တွင် တိုကျိုမြို့၌ တွေ့ဆုံမေးမြန်းရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့်   နှစ်လခန့်မှစတင်၍ အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပြင်းထန်လာပြီးနောက် အီရန်နိုင်ငံတွင် ကလေးငယ် ၂၂၀ ကျော် သေဆုံးခဲ့ပြီး လက်ဘနွန်နိုင်ငံတွင်လည်း ကလေးငယ် ၁၇၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာနိုင်ငံများက အေဂျင်စီသို့ တင်သွင်းသော အစီရင်ခံစာ များအရ သိရသည်။

ထို့အပြင် ကလေးသူငယ်များနေထိုင်ရာ ဒေသများတွင် ဗုံးကြဲတိုက်ခိုက်မှုများဖြစ်ပွားနေပြီး ဘေးဒုက္ခအမျိုးမျိုးကိုလည်း ကြုံတွေ့နေရသည့်အပြင် စာသင်ကျောင်းများနှင့် ဆေးရုံများပါ ထိခိုက်ပျက်စီးမှုများရှိနေကြောင်း သိရသည်။ ထိုအခြေအနေများက ကလေးငယ်များသည် ပဋိပက္ခ၏ ဆိုးကျိုးများကို အလွန်အမင်းခံစားနေရခြင်းကို ပြသနေခြင်းပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းပဋိပက္ခများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာပြီး ကာကွယ်ဆေးများအပါအဝင် ထောက်ပံ့ပစ္စည်းများကို ကမ္ဘာတစ်ဝန်းရှိ ကလေးများထံပို့ဆောင်ရာ၌ ယူနီဆက်ဖ်၏   လုပ်ဆောင်နိုင်စွမ်းကိုလည်း ထိခိုက်စေကြောင်း မှတ်ချက်ပြုပြောကြားသည်။

အင်န်အိတ်ချ်ကေ

MDN