ယူရီးယားဓာတ်မြေသြဇာကို ဈေးနှုန်းနှစ်ဆပေး၍ တင်သွင်းရန် အိန္ဒိယ သဘောတူ

News Image

  • ယူရီးယားဓာတ်မြေသြဇာကို ဈေးနှုန်းနှစ်ဆပေး၍ တင်သွင်းရန် အိန္ဒိယ သဘောတူ

အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် ထောက်ပံ့မှုကွင်းဆက်များ ပြတ်တောက်နေစဉ် အိန္ဒိယနိုင်ငံအနေဖြင့် ယူရီးယားဓာတ်မြေသြဇာကို ယခုနှစ်အစောပိုင်းက ပေးချေခဲ့သည့် ဈေးနှုန်းထက် နှစ်ဆပေး၍ တင်သွင်းရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် နိုက်ထရိုဂျင်ဓာတ်မြေသြဇာ တန်ချိန် ၂ ဒသမ ၅ သန်းကို တင်ဒါတစ်ရပ်တည်းဖြင့် စံချိန်တင် တင်သွင်းတော့မည်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဧပြီ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် သတင်းထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံရှိ ကုမ္ပဏီတစ်ခုဖြစ်သည့် Indian Potash Ltd. သည် နိုင်ငံအနောက်ဘက်ကမ်းခြေသို့ ပို့ဆောင်ရန်အတွက် ယူရီးယားတန်ချိန် ၁ ဒသမ ၅ သန်းကို တစ်တန်လျှင် ၉၃၅ ဒေါ်လာနှုန်းဖြင့်လည်းကောင်း၊ အရှေ့ဘက်ကမ်းခြေသို့ ပို့ဆောင်ရန်အတွက် နောက်ထပ် တန်ချိန် ၁ သန်းကို တစ်တန်လျှင် ၉၅၉ ဒေါ်လာနှုန်းဖြင့်လည်းကောင်း ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ယူရီးယားဓာတ်မြေသြဇာ အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၎င်း၏ ယူရီးယားထုတ်လုပ်မှုမှာ အဓိကအားဖြင့် အရှေ့အလယ်ပိုင်းမှ တင်သွင်းရသော သဘာဝဓာတ်ငွေ့ပေါ်တွင် များစွာ မှီခိုနေသည်။ ယခုကဲ့သို့ ဈေးနှုန်းနှစ်ဆပေး၍ ဝယ်ယူမှုသည် ယူရီးယားထုတ်လုပ်ရန်အတွက် အဓိကကုန်ကြမ်းဖြစ်သော သဘာဝဓာတ်ငွေ့ရည် ပြတ်လပ်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref: RT

MWD