အမေရိကန်၏ ဟော်မုရေလက်ကြားပိတ်ဆို့မှု၊ အီရန်၏ အကျိုးစီးပွားနှင့် အမေရိကန် စီးပွားရေးအပေါ် ကျရောက်လာသည့် သက်ရောက်မှု

News Image

  • အမေရိကန်၏ ဟော်မုရေလက်ကြားပိတ်ဆို့မှု၊ အီရန်၏ အကျိုးစီးပွားနှင့် အမေရိကန် စီးပွားရေးအပေါ် ကျရောက်လာသည့် သက်ရောက်မှု

    အီရန်နှင့် ဖြစ်ပွားသည့်စစ်ပွဲသည် လက်ရှိတွင် သောင်မတင်၊ ရေမကျအခြေအနေသို့ ရောက်ရှိနေပြီး မပြီးဆုံးနိုင်သေးသည့် လက်နက်ကိုင်ပဋိပက္ခများသည်    အမေရိကန်၏  ပြည်တွင်းစီးပွားရေး အခြေအနေအပေါ် သက်ရောက်လာမှုကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပေါ် ပြည်သူလူထု၏ ထောက်ခံမှုမှာလည်း သိသိသာသာ   ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။ 

အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ပြတ်လပ်မှုများက ကုန်ဈေးနှုန်းများကို   ဆက်လက်မြင့်တက်စေခဲ့ခြင်းကြောင့် ယခုသီတင်းပတ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့်   AP-NORC လူထု သဘောထားစစ်တမ်းအရ ထရမ့်၏ စီးပွားရေးဆိုင်ရာထောက်ခံမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိ စံချိန်တင် ကျဆင်းလာခဲ့သည်။

လက်ရှိတွင် အီရန်နှင့် အမေရိကန်တို့အကြား အဓိကသဘောထား ကွဲလွဲနေသည့်အချက်မှာ အမေရိကန်က ဟော်မုရေလက်ကြားကို ဆက်လက်ထိန်းချုပ် ထားခြင်းဖြစ်သည်။ ထို့ပြင် ထရမ့်သည် အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို    တစ်ဖက်သတ် သက်တမ်းတိုးထားသော်လည်း အမေရိကန်၏အဆိုပါ လုပ်ဆောင်ချက်ကို အီရန်ကလက်ခံထားခြင်းမရှိပေ။

အမေရိကန်အနေဖြင့် ၎င်းတို့လက်ရှိ ထိန်းချုပ်ထားသည့် ရေလက်ကြားပိတ်ဆို့မှုကို    ပြန်လည်ဖွင့်လှစ်ပေးလိုက်ပါက အီရန်နှင့် သဘောတူညီချက်ရယူနိုင်ရန် မဖြစ်နိုင်ဟု ထရမ့်ကယုံကြည်လျက်ရှိသည်။

အီရန်အနေဖြင့် ဟော်မုရေလက်ကြားကို ပိတ်ထားရန် လိုလားခြင်းမရှိကြောင်း၊ ၎င်းတို့အနေဖြင့် တစ်ရက်လျှင် ဒေါ်လာသန်း ၅၀၀ ခန့် ဝင်ငွေရရှိနိုင်စေရန်အတွက် အဆိုပါရေလက်ကြားကို ဖွင့်ထားရန်ဆန္ဒရှိနေကြောင်း၊ ရေလက်ကြားအားပိတ်ထားမည်ဟု ပြောဆိုခြင်းသည် အမေရိကန်က အဆိုပါ    ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းအား လက်ရှိတွင် အလုံးစုံ ပိတ်ဆို့ထားခြင်းကြောင့် ၎င်းတို့အတွက် သိက္ခာဆယ်နိုင်စေရန်အတွက် ပြောကြားနေခြင်းသာဖြစ်ကြောင်း ထရမ့်က ၎င်း၏လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။

သို့သော်    ဟော်မုရေလက်ကြားကို ဖွင့်လှစ်ထားခြင်းအားဖြင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရရှိနိုင်သောကြောင့် ရေလက်ကြားအား ဖွင့်လှစ်ထားရန် အီရန်နိုင်ငံက လိုလား နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူဆလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် ဟော်မုရေလက်ကြားတွင်    အမေရိကန်တို့၏ရေတပ်ပိတ်ဆို့မှု ဆက်လက် ရှိနေသရွေ့ အဆိုပါရေလက်ကြားကို ပြန်လည်ဖွင့်ပေးမည်မဟုတ်ဟု အီရန်က အခိုင်အမာပြောကြားပြီး  ရေလက်ကြားအား ဧပြီ ၂၃ ရက်အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

အီရန်နှင့် အမေရိကန်တို့အကြား အပစ်အခတ်ရပ်စဲရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်မံသက်တမ်းတိုးထားသော်လည်း လက်ရှိတွင် ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးပမ်းသည့်   သင်္ဘောနှစ်စင်းကို ဖမ်းဆီးလိုက်ကြောင်း အီရန်က ကြေညာထားသည်။ ထို့အတူ အီရန်အစိုးရအနေဖြင့် မိမိနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်သွားမည်ဟု   ပြောကြားထားသည်။

သို့သော် အီရန်က ဖမ်းဆီးလိုက်သည့် သင်္ဘောများသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းမရှိဟု အိမ်ဖြူတော်က တုံ့ပြန်ထားသည်။ အိမ်ဖြူတော်က ထိုသို့ထုတ်ပြန်ခဲ့သော်လည်းအီရန်အနေဖြင့် ထရမ့်က တစ်ဖက်သတ်ချမှတ်ခဲ့သည့်    အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံထားခြင်းမရှိသောကြောင့် ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းသည့် သ‌င်္ဘောများအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိတွင် ဟော်မုရေလက်ကြားပိတ်ဆို့မှုနှင့်  အီရန်နှင့် အမေရိကန်ကိုယ်စားလှယ်များ အကြား ပါကစ္စတန်နိုင်ငံတွင်  တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်သည် အမေရိကန်အတွက် အလွန် အရေးပါသည့် ကိစ္စရပ်များဖြစ်လာသည်။ အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့သည် ယခုနှစ် ဖေဖော်ဝါရီ    ၂၈   ရက်မှစ၍ အီရန်အပေါ်    ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သီတင်းပတ်လေးပတ်မှ ငါးပတ်အတွင်း အီရန်စစ်ပွဲအား အဆုံးသတ်မည်ဟု ထရမ့်က အစောပိုင်း၌ ပြောကြားခဲ့သော်လည်း ၎င်း၏ အဆိုပါပြောကြားချက်ကို အမေရိကန်ပြည်သူများက သံသယရှိစပြုလာပြီဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့အား လုံးဝအညံ့ခံမည်မဟုတ်ဘဲ အပြီးသတ်အောင်ပွဲရသည်အထိ  ဆက်လက် တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ အလားတူပင် ထရမ့်ဦးဆောင်သည့် အမေရိကန်အစိုးရ အနေဖြင့်လည်း အီရန်နှင့် အပစ်အခတ်ရပ်စဲရေးမှသည်   ငြိမ်းချမ်းရေး သဘောတူညီချက် ချမှတ်နိုင်ရန်   ကြိုးပမ်းလျက်ရှိ သည်ဟု ဆိုနိုင်သော်လည်း အီရန်နိုင်ငံမှ ထရမ့်အစိုးရက မျှော်လင့်နေသည့်အရာမှာ လုံးဝလက်နက်ချ အရှုံးပေးခြင်းသာဖြစ်သောကြောင့် ယင်းအချက်သည် အီရန်နှင့် အမေရိကန်တို့အကြား လုံးဝညှိနှိုင်း၍မရနိုင်သည့် အရာအဖြစ် ဆက်လက်တည်ရှိနေသည်။

တစ်ချိန်တည်းမှာပင် လွယ်လွယ်နှင့် အဆုံးသတ်နိုင်မည်ဟု ယူဆခဲ့သည့် အီရန်စစ်ပွဲမှာ လက်ရှိအချိန်အထိ အဆုံးမသတ်နိုင်သေးဘဲ အမေရိကန်၏ စီးပွားရေးအပေါ် သက်ရောက်လာမှုကို လည်း ထရမ့်အနေဖြင့် ထည့်သွင်းစဉ်းစားရန်   လိုအပ်လာပြီဖြစ်ကြောင်း  ရေးသား ဖော်ပြလိုက်ရပါသည်။ 

နိုင်အောင်စုစည်းသည်။

MWD