တောင်ကိုရီးယားစျေးကွက်အတွင်း အရောင်းရပ်ဆိုင်းရန် ဟွန်ဒါ မော်တော်ကား ကုမ္ပဏီ ဆုံးဖြတ်
ဟွန်ဒါမော်တော်ကားကုမ္ပဏီ (Honda Motor) သည် ကမ္ဘာလုံးဆိုင်ရာနှင့် တောင်ကိုရီးယား မော်တော်ကားစျေးကွက်အခြေအနေများ ပြောင်းလဲလာမှုကို အကြောင်းပြ၍ တောင်ကိုရီးယားအတွင်း ၎င်း၏ ကားရောင်းချမှုလုပ်ငန်းများကို ယခုနှစ်ကုန်တွင် ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၃) က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် ဟွန်ဒါသည် တောင်ကိုရီးယားစျေးကွက်သို့ ၂၀၀၄ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး Accord နှင့် CR-V မော်ဒယ်များကို တင်သွင်းရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားသည် ဟွန်ဒါအတွက် စျေးကွက်အငယ်စားတစ်ခုသာဖြစ်ပြီး ထိုစျေးကွက်တွင် ပြည်တွင်းအခြေစိုက် Hyundai နှင့် Kia ကဲ့သို့သော တံဆိပ်များက ကြီးစိုးထားသကဲ့သို့ တရုတ် EV ထုတ်လုပ်သူ BYD ကလည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။
ဟွန်ဒါသည် ပြီးခဲ့သည့်နှစ်က တောင်ကိုရီးယားတွင် ကားအစီးရေ ၂,၀၀၀ အောက်သာရောင်းချနိုင်ခဲ့ပြီး ယင်းမှာ ယခင်နှစ်ထက် ၂၀% ကျော် ကျဆင်းသွားခြင်းဖြစ်သည်။
တောင်ကိုရီးယားနှင့် တရုတ်အမှတ်တံဆိပ်များအပါအဝင် ပြိုင်ဘက်များ၏ အားကောင်းသော ယှဉ်ပြိုင်မှုများကြောင့် ဟွန်ဒါသည် အာရှ၏ အဓိကစျေးကွက်ကြီးများတွင် အရောင်းအဝယ် ကျဆင်းလာသည့် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ၎င်း၏ လက်လီရောင်းချမှုသည် အစီးရေ ၆၄၆,၀၀၀ ထိ ကျဆင်းသွားခဲ့ပြီး ယင်းမှာ လွန်ခဲ့သော ငါးနှစ်ခန့်ကထက် ၆၀% ခန့် လျော့ကျသွားခြင်း ဖြစ်သည်။ ထို့အပြင် ဟွန်ဒါသည် တရုတ်နိုင်ငံရှိ ဖက်စပ်ကားစက်ရုံ အနည်းဆုံးတစ်ခုကို ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြီးခဲ့သည့်သီတင်းပတ်တွင် Reuters သို့ ပြောကြားခဲ့သည်။
ဟွန်ဒါ၏ အရောင်းကိန်းဂဏန်းများသည် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျဆင်းခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
