အပစ်အခတ်ရပ်စဲရေး ပျက်ပြားပါက ဟော်မုဇ်ရေလက်ကြားရှိ အီရန်၏ စွမ်းဆောင်ရည်များကို တိုက်ခိုက်ရန် အမေရိကန် စစ်ဘက်မှ စီစဉ်နေ
အကယ်၍ အီရန်နှင့်ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားပါက ဟော်မုဇ်ရေလက်ကြားရှိ အီရန်၏ စစ်ရေး စွမ်းဆောင်ရည်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အမေရိကန်စစ်ဘက် တာဝန်ရှိသူများက အစီအစဉ်သစ်များ ရေးဆွဲနေကြောင်း သတင်းရင်းမြစ် များစွာအရ သိရှိရသည်။
စဉ်းစားသုံးသပ်နေသည့် ပစ်မှတ်အမျိုးအစားများထဲတွင် ဟော်မုဇ်ရေလက်ကြား၊ အာရေဗျပင်လယ်ကွေ့တောင်ပိုင်းနှင့် အိုမန်ပင်လယ်ကွေ့ တစ်ဝိုက်ရှိ အီရန်၏ စစ်ရေးစွမ်းရည်များကို ချက်ချင်း တုံ့ပြန်တိုက်ခိုက်ခြင်း (Dynamic Targeting) ကို အထူးအလေးပေးထားသည့် တိုက်ခိုက်မှုများ ပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါအစီအစဉ်များတွင် တီဟီရန်အစိုးရက အဓိကရေလမ်းကြောင်းများကို ပိတ်ဆို့ရန်နှင့် အမေရိကန်အပေါ်အသာစီးရယူရန် အသုံးချနေသည့် မြန်နှုန်းမြင့်တိုက်ခိုက်ရေးစက်လှေငယ်များ၊ ရေမိုင်းထောင်သည့် သင်္ဘောများနှင့် အခြားသော Asymmetric လက်နက်ပစ္စည်းများကို တိုက်ခိုက်ရန် ဖော်ပြထားသည်။
အမေရိကန်စစ်တပ်သည် အီရန်ရေတပ်ကို ပစ်မှတ်ထားခဲ့ဖူးသော်လည်း ပထမတစ်လအတွင်း ဗုံးကြဲတိုက်ခိုက်မှုအများစုမှာ အီရန်ပြည်တွင်း အထိ ထိုးဖောက်တိုက်ခိုက်နိုင်ရန်အတွက် ရေလက်ကြားနှင့် ဝေးကွာသောနေရာများကိုသာ အဓိကထားခဲ့ခြင်းဖြစ်သည်။ အစီအစဉ်သစ်များတွင်မူ မဟာဗျူဟာမြောက် ရေလမ်းကြောင်းများတစ်ဝိုက်၌ ပိုမိုပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ရန် စီစဉ်ထားသည်။
အီရန်နိုင်ငံ၏ ကမ်းခြေစောင့် ဒုံးကျည်စနစ်အမြောက်အမြားမှာ ပျက်စီးခြင်းမရှိဘဲ မူလအတိုင်း ကျန်ရှိနေသေးကြောင်း CNN သတင်းဌာနက ယခင်က ဖော်ပြခဲ့ဖူးသည်။ ထို့အပြင် အီရန်တွင် သင်္ဘောများကို တိုက်ခိုက်ရန် အသုံးပြုနိုင်သည့် စက်လှေငယ်အမြောက်အမြားရှိနေခြင်းက ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ရန်ကြိုးပမ်းနေသည့် အမေရိကန်အတွက် အခက်အခဲဖြစ်စေနိုင်သည်။
ထို့အပြင် အီရန်အား ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ဖိအားပေးသည့်အနေဖြင့် စွမ်းအင်ဆိုင်ရာအဆောက်အအုံများအပါအဝင် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မည်ဟူသော ဒေါ်နယ်ထရမ့်၏ ယခင်ခြိမ်းခြောက်မှုကိုလည်း အမေရိကန်စစ်တပ်က ဆက်လက် အကောင်အထည်ဖော်နိုင်ကြောင်း သတင်းရင်းမြစ်များက CNN သို့ ပြောကြားခဲ့သည်။
စစ်ဘက်စီမံကိန်းရေးဆွဲသူများ ဖော်ထုတ်ထားသည့် နောက်ထပ်ရွေးချယ်စရာတစ်ခုမှာ အီရန်စစ်ဘက်ခေါင်းဆောင်တစ်ဦးချင်းစီနှင့် ဆွေးနွေး ညှိနှိုင်းမှုများကို အတိအလင်းနှောင့်ယှက်နေသည်ဟု အမေရိကန် တာဝန်ရှိသူများက ယူဆထားသော အစိုးရအဖွဲ့အတွင်းရှိ ‘အဟန့်အတားပြုသူများ’ ကို ပစ်မှတ်ထားတိုက်ခိုက်ရန်ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက မှတ်ချက်ပြုခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
