အီရန်စစ်ပွဲ အဆုံးသတ်ရန် တိုးတက်မှုအနည်းငယ်သာရှိနေခြင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် (၃) ရက်ဆက်တိုက် တည်ရှိနေ

News Image

  • အီရန်စစ်ပွဲ အဆုံးသတ်ရန် တိုးတက်မှုအနည်းငယ်သာ ရှိနေခြင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများသည် တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် (၃) ရက်ဆက်တိုက် တည်ရှိနေ

အမေရိကန်နှင့် အီရန်တို့ကြား ဖြစ်ပွားနေသောပဋိပက္ခကို ဖြေရှင်းနိုင်မည့်အချိန်ကာလမှာ ဝေဝါးနေဆဲဖြစ်သဖြင့် ဧပြီ ၂၄ ရက်နေ့တွင် ကမ္ဘာ့ရေနံစျေးနှုန်းများ ပြန်လည်မြင့်တက်လာခဲ့သည်။

ကမ္ဘာ့ရေနံစျေးနှုန်း သတ်မှတ်ချက်စံနှုန်းဖြစ်သော Brent crude သည် ၁.၈ ရာခိုင်နှုန်း မြင့်တက်ကာ တစ်စည်လျှင် ၁၀၁.၂ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။ ရေနံစျေးနှုန်းများသည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကျဆင်းနေခဲ့သော်လည်း ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ (ဧပြီ ၂၂ ၊ ၂၃) တို့မှ စတင်ကာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ အထက်တွင် တည်ရှိနေခြင်းဖြစ်သည်။ အမေရိကန်ရေနံစျေးနှုန်း စံနှုန်းဖြစ်သော WTI သည်လည်း အလားတူပင် မြင့်တက်ခဲ့ပြီး တစ်စည်လျှင် ၉၇.၆ ဒေါ်လာ ရှိခဲ့သည်။

အွန်လိုင်း ကုန်သွယ်မှုလုပ်ငန်း Saxo မှ မဟာဗျူဟာပညာရှင် Neil Wilson က "အစ္စရေးနဲ့ လက်ဘနွန်ကြား အပစ်အခတ်ရပ်စဲရေးကို သုံးပတ်ထပ်တိုး လိုက်ပေမဲ့ အမေရိကန်နဲ့အီရန်ကြား စစ်ပွဲကိုအဆုံးသတ်ဖို့ တကယ့်တိုးတက်မှုမျိုး မရှိသေးပါဘူး" ဟု ရေးသားဖော်ပြခဲ့သည်။

၎င်းက ဆက်လက်၍ "အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးတယ်ဆိုပေမဲ့ အခြေအနေက စိတ်မချရသေးသလို ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘော တွေ အသိမ်းခံနေရတာကြောင့် အခြေအနေပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်၊ ဒါဟာ အပတ်စဉ်ပိတ်ရက်ကို ရောက်ခါနီးအချိန်မှာ ရင်းနှီးမြှုပ်နှံသူ တွေရဲ့ ယုံကြည်မှုကျဆင်းစေဖို့ လုံလောက်တဲ့အချက်ဖြစ်ပါတယ်" ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာ့စတော့စျေးကွက်များမှာမူ အတက်အကျရောထွေးနေသည်။ ဂျပန် နိုင်ငံ၏ Nikkei 225 နှင့် ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းများမှာ အနည်းငယ်မြင့်တက်ခဲ့သော်လည်း ဥရောပ၏ ထိပ်တန်းအညွှန်းကိန်းများမှာမူ နံနက်ပိုင်းကုန်သွယ်မှုတွင် ကျဆင်းလျက်ရှိသည်။ အမေရိကန် စတော့စျေးကွက်တွင် Dow futures သည် အနည်းငယ်ကျဆင်းမည့် အခြေအနေရှိပြီး S&P 500 futures မှာ ငြိမ်နေကာ Nasdaq futures မှာမူ အတက်ဘက်သို့ ဦးတည်နေကြောင်း တွေ့ရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး