ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

News Image

  • ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီး

ရေဦး ဧပြီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကုလားပဲဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းထံမှ သိရသည်။

ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၄၉၈၅ ဧကထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးထားသော ကုလားပဲစိုက်ခင်းများကို ယခုနှစ် ဇန်နဝါရီလပထမပတ်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၂၂ ဒသမ ၅၉ တင်း ထွက်ရှိကြောင်း သိရသည်။

"ဒီပဲယင်းမြို့နယ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကုလားပဲ ၄၉၈၅ ဧကထိ စိုက်ပျိုးထားပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ကုလားပဲစိုက်ခင်းတွေ လက်ရှိအချိန်မှာတော့ ဧက အားလုံးရာနှုန်းပြည့်ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကုလားပဲစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာပါတယ်"ဟု ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြသည်။

ဒီပဲယင်းမြို့နယ်၌ ကုလားပဲ စိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရေဆင်း (၈) နှင့် ရေဆင်း (၁၁) မျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ ကုလားပဲတစ်ဧကစိုက်ပျိုးပါက ငွေကျပ် သုံးသိန်းကျော်ကုန်ကြကြောင်း သိရသည်။

ကုလားပဲကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲကို ပိုမိုစိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြ၍ သိရသည်။

ရတနာပုံ