ဟစ်ဇဘိုလာအဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေး မြောက်ပိုင်းတွင် စစ်သည် ၁၂ ဦး ဒဏ်ရာရရှိ
ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်းက အစ္စရေးမြောက်ပိုင်းရှိ စစ်ဘက်သုံးယာဉ် တစ်စီးကို ဟစ်ဇဘိုလာအဖွဲ့၏ ဒရုန်းတစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး စစ်သည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်သည် အီရန်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းများထံမှ ဒရုန်းခြိမ်းခြောက်မှု မြင့်တက်လာခြင်းကို မီးမောင်းထိုးပြနေသည်။
အစ္စရေး-လက်ဘနွန် နယ်စပ်အနီးရှိ Shomera မြို့အနီးတွင် ဒရုန်းကျရောက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့ပြီး စစ်သည်နှစ်ဦးမှာ ဒဏ်ရာအနည်းပြင်းထန်ခဲ့ကာ ကျန် ၁၀ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြသည်ဟု ဆိုသည်။
အစ္စရေး မီးသတ်နှင့်ကယ်ဆယ်ရေးဌာနမှ မျှဝေထားသော ဓာတ်ပုံတစ်ပုံတွင် စစ်ဘက်သုံးယာဉ်တစ်စီး မီးလောင်ကျွမ်းနေပြီး ကောင်းကင်ယံတွင် မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့ရှိရသည်။
ထို့နေ့အတွင်း လက်ဘနွန်ဘက်မှ ပစ်လွှတ်လိုက်သည့် ဒုံးကျည် သို့မဟုတ် ဒရုန်းများအား တားဆီးနိုင်ရန် အစ္စရေးစစ်တပ်က ကြားဖြတ် ဒုံးကျည်များဖြင့် အနည်းဆုံး လေးကြိမ်ခန့်တားဆီးခဲ့ရကြောင်း IDF က ဆိုသည်။ အများစုကို အောင်မြင်စွာ ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း အခြား တိုက်ခိုက်မှုအချို့အား တားဆီးနိုင်ခြင်း ရှိ၊ မရှိကိုမူ ပြန်လည်စစ်ဆေးနေဆဲဖြစ်သည်ဟု IDF က ဆက်လက်ပြောကြားခဲ့သည်။
ဟစ်ဇဘိုလာအဖွဲ့သည် လက်ဘနွန်တောင်ပိုင်းနှင့် အစ္စရေး မြောက်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထားရာတွင် ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှုရှိသည့် နည်းလမ်းတစ်ခုအဖြစ် ဒရုန်းများကို ပိုမိုအသုံးပြုလာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
