ဟော်မုရေလက်ကြားအနီး အမေရိကန်ကင်းလှည့်ရေယာဉ်ကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ဟုဆို
ဟော်မုရေလက်ကြားအနီးတွင် သတိပေးချက်များကို လျစ်လျူရှုပြီး လုံခြုံရေးနှင့် ရေကြောင်းသွားလာမှုဆိုင်ရာ စည်းကမ်းများကို ချိုးဖောက်ခဲ့သည့် အမေရိကန်ရေတပ် ကင်းလှည့်ရေယာဉ်တစ်စင်းကို အီရန်က ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း Fars သတင်းဌာနက မေလ ၄ ရက်တွင် ဖော်ပြသည်။
ထိုရေယာဉ်သည် ဒုံးကျည်ထိမှန်မှုကြောင့် လမ်းကြောင်းအတိုင်း ဆက်မသွားနိုင်ဘဲ နယ်မြေအတွင်းမှ ဆုတ်ခွာသွားရကြောင်း အီရန်ဘက်က ဆိုသည်။
သို့သော် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကမူ အမေရိကန်သင်္ဘောများ ဒုံးကျည်ထိမှန်ခြင်းမရှိဘဲ အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားသည့် Project Freedom စစ်ဆင်ရေးကိုသာ ဆောင်ရွက်နေကြောင်း ငြင်းဆိုထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ဟော်မုရေလက်ကြား၌ ပိတ်မိနေသည့် သင်္ဘောများကို လွတ်မြောက်အောင် ကူညီမည်ဟု မေလ ၃ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အခြေအနေတင်းမာလာခြင်း ဖြစ်သည်။
အီရန်ကလည်း ၎င်းတို့နယ်မြေအတွင်း ချဉ်းကပ်လာသည့် မည်သည့်ပြည်ပတပ်ဖွဲ့ကိုမဆို တိုက်ခိုက်မည်ဟု သတိပေးထားသည်။ အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ထားခြင်းသည် စစ်ကြေညာခြင်းဖြစ်ကာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အီရန်ဘက်က ပြောထားသည်။
Ref: RT
MWD
