အီရန်ကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခပေးဆောင်သည့် သင်္ဘောကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများပြုလုပ်မည်ဟု အမေရိကန် ခြိမ်းခြောက်

News Image

  • အီရန်ကို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခပေးဆောင်သည့် သင်္ဘောကုမ္ပဏီများကို အရေးယူပိတ်ဆို့မှုများပြုလုပ်မည်ဟု အမေရိကန် ခြိမ်းခြောက်

ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အမေရိကန်နှင့်အစ္စရေးတို့၏ အီရန် အပေါ်တိုက်ခိုက်မှုများကြောင့် မဟာဗျူဟာမြောက်အရေးပါသော ဟော်မုဇ် ရေလက်ကြားတွင် ရေကြောင်းသွားလာမှုများ ရပ်ဆိုင်းလုနီးပါး ဖြစ်ပေါ်လျက်ရှိသည်။ 

လက်ရှိတွင် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ယင်းရေလက်ကြား၌ လမ်းကြောင်းတစ်ခုကိုသာ ဖွင့်လှစ်ပေးထားပြီး ဖြတ်သန်းခွင့် ကုဒ်နံပါတ်နှင့် အစောင့်အရှောက်များအတွက် အခကြေးငွေ တောင်းခံနေသည့် ‘Toll Booth’ စနစ်ကို ကျင့်သုံးလျက်ရှိသည်။ Lloyd’s List ၏ အဆိုအရ အချို့သင်္ဘောများသည် ဖြတ်သန်းခအဖြစ် တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၁ သန်းမှ ၂ သန်းအထိ တန်ဖိုးနှင့်ညီမျှသော တရုတ် ယွမ်ငွေများဖြင့် ပေးဆောင်နေရကြောင်း သိရှိရသည်။

ယင်းလုပ်ရပ်အပေါ် အမေရိကန် နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)က ပြင်းထန်စွာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အီရန်သို့ ဖြတ်သန်းခပေးဆောင်သည့် မည်သည့်သင်္ဘောကုမ္ပဏီမဆို အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အကယ်၍ ငွေပေးချေမှုတွင် အမေရိကန်နှင့်ဆက်နွှယ်သော အာမခံ (သို့မဟုတ်) ဘဏ္ဍာရေးအဖွဲ့အစည်းများ ပါဝင်ပတ်သက်ပါက ပြည်ပအဖွဲ့အစည်းများအနေဖြင့် ရာဇဝတ်မှုဖြင့်ပင် အရေးယူခံရနိုင်သည်ဟု ဆိုသည်။ သို့သော်လည်း အီရန်ဘက်ကမူ ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာရေလမ်းကြောင်းမဟုတ်ဘဲ မိမိတို့၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်သာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

လက်ရှိတွင် ရေလက်ကြားတစ်ဝိုက်၌ သင်္ဘောအစင်းရေ ၂,၀၀၀ ခန့်နှင့် သင်္ဘောသား ၂၀,၀၀၀ ကျော်သည် ရိက္ခာပြတ်လတ်မှုဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကာ သောင်တင်နေကြသည်။ ယင်းအခြေအနေကို ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ‘Project Freedom’ အမည်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံချက်သစ်တစ်ခုကို တနင်္ဂနွေနေ့ (မေ ၃) တွင် ကြေညာခဲ့သည်။ 

အဆိုပါစီမံချက်တွင် စစ်သည်အင်အား ၁၅,၀၀၀၊ ပဲ့ထိန်းဒုံးကျည်စနစ် တပ်ဆင်ထားသောဖျက်သင်္ဘောများနှင့် လေယာဉ် ၁၀၀ ကျော် ပါဝင်မည်ဖြစ်ပြီး ပိတ်မိနေသော ကြားနေနိုင်ငံများမှ ကုန်သွယ်ရေးသင်္ဘောများ လွတ်လပ်စွာပြန်လည်သွားလာနိုင်ရေးအတွက် အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ် (CENTCOM) က ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး