ဟစ်ဇဘိုလာက အစ္စရေးထောက်လှမ်းရေးစနစ်ကို ကျော်ဖြတ်နိုင်သော ဖိုင်ဘာအော်ပတစ် ဒရုန်းသစ်များကို အသုံးပြုလာ

News Image

  • ဟစ်ဇဘိုလာက အစ္စရေးထောက်လှမ်းရေးစနစ်ကို ကျော်ဖြတ်နိုင်သော ဖိုင်ဘာအော်ပတစ် ဒရုန်းသစ်များကို အသုံးပြုလာ

လက်ဘနွန်အခြေစိုက် ဟစ်ဇဘိုလာလက်နက်ကိုင်အဖွဲ့သည် အစ္စရေး၏ အဆင့်မြင့်နည်းပညာသုံး အီလက်ထရွန်နစ် ထောက်လှမ်းရေးနှင့် လှိုင်း နှောင့်ယှက်မှုစနစ်များကို ရှောင်တိမ်းနိုင်သည့် ဖိုင်ဘာအော်ပတစ် (Fiber-optic) နည်းပညာသုံး ဒရုန်းသစ်များကို စစ်မြေပြင်တွင် စတင် အသုံးပြုလာကြောင်း သိရှိရသည်။ အဆိုပါဒရုန်းများသည် ဝိုင်ဖိုင် (Wireless) အချက်ပြလှိုင်းအစား အလွန်ပါးလွှာသော ဖိုင်ဘာကြိုးဖြင့် တိုက်ရိုက် ထိန်းချုပ်မောင်းနှင်ခြင်းဖြစ်သောကြောင့် အစ္စရေးစစ်တပ်၏ လှိုင်းနှောင့်ယှက်မှု (Jamming) စနစ်များကို ကျော်လွှားနိုင်ပြီး မည်သည့်နေရာမှ လွှတ်တင် သည်ကိုလည်း ထောက်လှမ်းရန် အလွန်ခက်ခဲစေသည်။

မကြာသေးမီက ဟစ်ဇဘိုလာမှထုတ်ပြန်ခဲ့သည့် ရုပ်သံမှတ်တမ်းများအရ အလေးချိန် ကီလိုဂရမ်အနည်းငယ်သာရှိပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပ်ဆင်ထားသည့် ကွာဒေါ့ကော်ပတာဒရုန်းတစ်စင်းသည် ၁၅ကီလိုမီတာအထိ ရှည်လျားသော ဖိုင်ဘာကြိုးမှတစ်ဆင့် တိကျစွာ ပျံသန်းကာ အစ္စရေးစစ်သားများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် အစ္စရေး စစ်သား တစ်ဦး သေဆုံးကာ အခြားသူများ ဒဏ်ရာရရှိခဲ့ပြီး၊ ဒဏ်ရာရသူများကို လာရောက်ကယ်ဆယ်သည့် ရဟတ်ယာဉ်ကိုပါ ဒရုန်းများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။ အဆိုပါနည်းပညာသည် ယူကရိန်းစစ်မြေပြင်တွင် ရုရှား တပ်ဖွဲ့များ အောင်မြင်စွာအသုံးပြုခဲ့သည့် နည်းဗျူဟာဖြစ်ပြီး ယခုအခါ ဟစ်ဇဘိုလာက Asymmetric warfare တွင် အထိရောက်ဆုံး လက်နက် တစ်ခုအဖြစ် အသုံးချလာခြင်းဖြစ်သည်။

အစ္စရေးစစ်တပ် (IDF) အနေဖြင့် ယခင်က ဒရုန်းများကို လှိုင်းနှောင့်ယှက်ခြင်းဖြင့် တားဆီးနိုင်ခဲ့သော်လည်း ယခု ဖိုင်ဘာဒရုန်းများတွင်လှိုင်းအချက်ပြမှုမရှိခြင်းကြောင့် အီလက်ထရွန်နစ်နည်းလမ်းဖြင့် တားဆီးရန် မဖြစ်နိုင်သလောက် ရှိနေသည်။ အစ္စရေးစစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူ Yehoshua Kalisky က အဆိုပါဒရုန်းများသည် ပစ်မှတ်ကို အထူးကြည်လင်ပြတ်သားစွာမြင်တွေ့နိုင်ပြီး အချက်ပြလှိုင်းလည်း ထွက်ပေါ်ခြင်းမရှိသည့်အတွက် စစ်မြေပြင်တွင် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း ထောက်ပြခဲ့သည်။ 

လက်ရှိတွင် IDF အနေဖြင့် ပိုက်ကွန်များကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများဖြင့်သာ ကာကွယ်နေရပြီး ထို "Low-tech" နည်းပညာကို ထိရောက်စွာ တုံ့ပြန်နိုင်ရန် နည်းလမ်းသစ်များကို ရှာဖွေနေရဆဲဖြစ်သည်။

ဟစ်ဇဘိုလာသည် ၎င်းတို့၏ ဒုံးကျည်နှင့်ရော့ကတ် လက်နက်တိုက်အများစု ပျက်စီးသွားခြင်း သို့မဟုတ် အသုံးပြုပြီးဖြစ်ခြင်းတို့ကြောင့် အစ္စရေး၏စစ်အင်အားကို တုံ့ပြန်ရန်အတွက် တရုတ် သို့မဟုတ် အီရန် နိုင်ငံထုတ် အရပ်ဘက်သုံးဒရုန်းများကို လက်နက်အဖြစ် ပြောင်းလဲအသုံးပြု လာခြင်း ဖြစ်သည်။ အဆိုပါဒရုန်းများသည် ကုန်ကျစရိတ်နည်းသော်လည်း အဖွဲ့လိုက်တစ်ပြိုင်နက် လွှတ်တင်တိုက်ခိုက်ပါက အစ္စရေး၏ ကာကွယ်ရေး စနစ်ကို အကြီးအကျယ် စိန်ခေါ်နိုင်ဖွယ်ရှိနေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ထားကြသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး