အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲများတွင် မိုဒီ၏ BJP ပါတီနှင့် မင်းသား ဝီဂျေး၏ TVK ပါတီတို့ အံ့အားသင့်ဖွယ် အနိုင်ရရှိ

News Image

  • အိန္ဒိယ ပြည်နယ်ရွေးကောက်ပွဲများတွင် မိုဒီ၏ BJP ပါတီနှင့် မင်းသား ဝီဂျေး၏ TVK ပါတီတို့ အံ့အားသင့်ဖွယ် အနိုင်ရရှိ

အိန္ဒိယရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့ (မေ ၄) တွင် ထုတ်ပြန်လိုက်သော ပြည်နယ်လေးခုနှင့် ဗဟိုအစိုးရ အုပ်ချုပ်ခံနယ်မြေတစ်ခုတို့၏ ရွေးကောက်ပွဲရလဒ်များအရ ဝန်ကြီးချုပ် နာရိန်ဒရာမိုဒီ၏ ဘာရတီယ ဂျနတာပါတီ (BJP) သည် မကြုံစဖူးသော အောင်မြင်မှုများ ရရှိခဲ့သည်။ အထူးသဖြင့် အဓိကအားပြိုင်ရာဒေသဖြစ်သည့် အနောက်ဘင်္ဂလားပြည်နယ်တွင် မိုဒီ၏ BJP ပါတီသည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အပြတ်အသတ်အနိုင်ရကာ အာဏာရယူနိုင်ခဲ့သကဲ့သို့ အာသံပြည်နယ်တွင်လည်း သုံးကြိမ်ဆက်တိုက် အာဏာကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ 

ထို့အပြင် တောင်ပိုင်းပြည်နယ်ဖြစ်သော ကီရာလာတွင်လည်း အမတ်နေရာ သုံးနေရာအထိ အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့သည်။ ဝန်ကြီးချုပ် မိုဒီ က အနောက်ဘင်္ဂလားရှိ အောင်ပွဲကို ‘မကြုံစဖူးသော သမိုင်းဝင်အောင်မြင်မှု’ ဟု ခေါ်ဆိုခဲ့ကာ နိုင်ငံရေးလေ့လာသူများကလည်း ယခုရလဒ်သည် ၂၀၂၉ အထွေထွေရွေးကောက်ပွဲအထိ ဂယက်ရိုက်ခတ်မှုရှိမည့် ကြီးမားသော နိုင်ငံရေးအရှိန်အဟုန်တစ်ခုအဖြစ် ရှုမြင်နေကြသည်။

တစ်ချိန်တည်းမှာပင် တမီးလ်နာဒူးပြည်နယ်၌လည်း မင်းသားအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ ဝီဂျေး ဦးဆောင်သော Tamilaga Vettri Kazhagam (TVK) ပါတီက အံ့အားသင့်ဖွယ် အောင်ပွဲခံခဲ့သည်။ ၎င်းတို့၏ ပထမဆုံး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုတွင်ပင် အမတ်နေရာ ၁၀၇ နေရာအထိ အနိုင်ရရှိခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာ ဒေသတွင်းကို လွှမ်းမိုးထားသည့် DMK နှင့် AIADMK ကဲ့သို့သော အင်အားကြီးပါတီများကို ကျော်ဖြတ်ကာ အင်အားအကြီးဆုံး ပါတီတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။ 

ယခုကဲ့သို့ ထူးခြားသော အပြောင်းအလဲဖြစ်ပေါ်လာရခြင်းမှာ အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြားရှိ Gen-Z လူငယ်မဲဆန္ဒရှင် ၁၂ သန်းကျော် (မဲဆန္ဒရှင်စုစုပေါင်း၏ ၂၁.၂ ရာခိုင်နှုန်း) ၏ အင်တိုက်အားတိုက်ပါဝင်မဲပေးမှုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း သုံးသပ်ဖော်ပြထားကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး