စီအင်န်အင်န်သတင်းဌာန တည်ထောင်သူ တက်ခ်ထန်နာ ကွယ်လွန်
ဝါရှင်တန် မေ ၇
စီအင်န်အင်န်သတင်းဌာန တည်ထောင်သူ တက်ခ်ထန်နာ မေ ၆ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
အသက် ၈၇ နှစ်အရွယ်ရှိသော တက်ခ်ထန်နာက ကမ္ဘာလုံးဆိုင်ရာသတင်းများကို အချိန်ပြည့် တင်ဆက်ပေးခြင်းဖြင့် လူသိများလာခဲ့သည်။
တက်ခ်ထန်နာကို အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ၏ ကြော်ငြာကုမ္ပဏီကို လွှဲပြောင်းရယူပြီးနောက် ဂျော်ဂျီယာပြည်နယ် အတ္တလန္တာမြို့တော်၌ ရုပ်မြင်သံကြားလုပ်ငန်းတစ်ခုကို ဝယ်ယူကာ ရုပ်သံလွှင့်နယ်ပယ်သို့ စတင်ဝင်ရောက်ခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် အမေရိကန်နှင့် ကမ္ဘာလုံးဆိုင်ရာသတင်းများကို တစ်နေ့လျှင် ၂၄ နာရီစလုံး ထုတ်လွှင့်သည့် စီအင်န်အင်န်သတင်းဌာနကို စတင်တည်ထောင်ခဲ့သည်။
ပင်လယ်ကွေ့စစ်ပွဲဖြစ်ပွားသည့် ၁၉၉၁ ခုနှစ်တွင် ရုပ်သံသတင်းထောက်များက အီရတ်မြို့တော် ဘဂ္ဂဒက်သို့သွားရောက်ကာ စစ်ပွဲအကြောင်း တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့်အတွက် စီအင်န်အင်န်သတင်းဌာနသည် ရုပ်မြင်သံကြားထုတ်လွှင့်ရေးနယ်ပယ်တွင် ကျော်ကြားလာခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
