ရုရှားနိုင်ငံ အောင်ပွဲနေ့ စစ်ရေးပြချီတက်ပွဲအခမ်းအနား ကျင်းပ
မော်စကို မေ ၉
ရုရှားနိုင်ငံက ၎င်း၏ နှစ်ပတ်လည် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲအခမ်းအနားကို ရင်ပြင်နီ၌ ယနေ့တွင် ကျင်းပသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်ပြည်ထောင်စုက နာဇီဂျာမနီနှင့် ၎င်း၏မဟာမိတ်များအား ပြန်လည်ခုခံတိုက်ခိုက်ခဲ့သည့် စစ်ပွဲတွင် အနိုင်ရရှိခဲ့သည့် (၈၁) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ အောင်ပွဲနေ့သည် နိုင်ငံ၏ မြင့်မြတ်ပြီး အရေးအကြီး ဆုံးနေ့ရက်ဖြစ်ကြောင်း ချီတက်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့သည်။
စစ်ပွဲ၏ အဖြစ်အပျက်များကို အမှတ်ရနေသည့်အပြင် ၎င်း၏သမိုင်းကြောင်းနှင့် သူရဲကောင်းများကို အောက်မေ့သတိရခြင်းသည် နိုင်ငံနှင့်ပြည်သူများအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်ကြောင်း သမ္မတပူတင်က ပြောကြားသည်။
ဆိုဗီယက်တပ်ဖွဲ့များက ဥရောပပြည်သူများ၏ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာအတွက် ကြီးမားသော စတေးမှုကို ပြုလုပ်ခဲ့ကြောင်း ပူတင်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ရုရှားနိုင်ငံသည် မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO)၏ လက်နက်တပ်ဆင်ပံ့ပိုးမှုရရှိ ထားသော ရန်လိုသည့် အင်အားစုတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်နေရကြောင်း သမ္မတပူတင်က ပြောကြား သည်။
အဆိုပါ ချီတက်ပွဲအခမ်းအနားတွင် မြောက် ကိုရီးယားတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
အခမ်းအနားပြီးနောက် သမ္မတပူတင်နှင့် နိုင်ငံ့ခေါင်းဆောင်များက Alexander Garden ရှိ အမည် မသိ တပ်မတော်သား ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေများ ချကြသည်။
အောင်ပွဲနေ့ချီတက်ပွဲအခမ်းအနားကို ၁၉၉၅ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေ ၉ ရက်တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်
MDN
