အောင်ပွဲနေ့ အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းဘက်မှ အကြိမ်ပေါင်း ၁၆,၀၀၀ ကျော် ချိုးဖောက်ခဲ့ကြောင်း ရုရှားထုတ်ပြန်
ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း ၈၁ နှစ်မြောက် အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံက ကြေညာခဲ့သည့် အပစ်အခတ်ရပ်စဲရေးကာလ အတွင်း ယူကရိန်းတပ်ဖွဲ့များဘက်မှ အပစ်အခတ်ရပ်စဲရေးစည်းမျဉ်းများကို အကြိမ်ပေါင်း ၁၆,၀၇၁ ကြိမ်အထိ ချိုးဖောက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ အပစ်အခတ်ရပ်စဲရေးသည် မူလက တနင်္ဂနွေနေ့ (မေ ၁၀) တွင် သက်တမ်းကုန်ဆုံးရန်ဖြစ်သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အကြံပြုချက်ကြောင့် ရုရှားက နှစ်ရက်ထပ်မံ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အပစ်အခတ်ရပ်စဲထားစဉ်အတွင်း ယူကရိန်းဘက်မှ ခရိုင်းမီးယားနှင့် ဘဲလ်ဂေါရော့ဒ်အပါအဝင် ရုရှားနယ်စပ်ဒေသများကို ဒရုန်းနှင့် အမြောက်များဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဆယ်ကျော်သက်တစ်ဦး အပါအဝင် အရပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတပ်စခန်းများကို အမြောက်နှင့် ဒုံးကျည်များဖြင့် ၆၇၆ ကြိမ်၊ ဒရုန်း များဖြင့် ၆,၃၃၁ ကြိမ် တိုက်ခိုက်ခဲ့သည့်အပြင် ထိုးစစ်ဆင်ရန် ၈ ကြိမ်တိုင် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ထိုသို့သော အခြေအနေများကြောင့် ရုရှား တပ်ဖွဲ့များအနေဖြင့် ယူကရိန်း၏ ရှေ့တန်းစခန်းများနှင့် ကွပ်ကဲမှုဌာနများကို တူညီစွာပြန်လည်လက်တုံ့ပြန်ခဲ့ရသော်လည်း မိမိတို့တပ်ဖွဲ့ဝင်များမှာ ယခင်ကသိမ်းပိုက်ထားသည့် နယ်မြေများတွင်သာ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လိုက်နာလျက်ရှိကြောင်း မော်စကိုက အခိုင်အမာ ပြောကြားထားသည်။
တစ်ဖက်တွင်လည်း ယူကရိန်းခေါင်းဆောင် ဇီလန်စကီး၏ သွယ်ဝိုက်သောခြိမ်းခြောက်မှုများကြောင့် ရုရှားက ကိယက်ဗ်မြို့ကို ပြင်းထန်စွာလက်တုံ့ပြန်သွားမည်ဟု သတိပေးခဲ့ရသည်။ သမ္မတ ပူတင်က ထိုသတိပေးချက်သည် ဝါရှင်တန်အစိုးရထံသို့ ရောက်ရှိသွားခြင်းကြောင့် သမ္မတထရမ့်၏ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ထို့အပြင် ပူတင်က အနောက်အုပ်စုသည် ယူကရိန်းကို ကြားခံအဖြစ်အသုံးချ၍ ရုရှားအား တိုက်ခိုက်နေဆဲဖြစ်သော်လည်း ယခုစစ်ပွဲသည် အဆုံးသတ်ဆီသို့ တဖြည်းဖြည်း ဦးတည်နေပြီဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,