တူကီယဲ၌ အိုင်အက်စ်အဖွဲ့အပေါ် ငွေကြေးထောက်ပံ့သည့် ဒစ်ဂျစ်တယ်ငွေကြေးကွန်ရက်တစ်ခုအား နှိမ်နင်း

News Image

  • တူကီယဲ၌ အိုင်အက်စ်အဖွဲ့အပေါ် ငွေကြေးထောက်ပံ့သည့် ဒစ်ဂျစ်တယ်ငွေကြေးကွန်ရက်တစ်ခုအား နှိမ်နင်း

အစ္စတန်ဘူလ်    မေ    ၁၂

တူကီယဲရဲတပ်ဖွဲ့ဝင်များသည်    နိုင်ငံအတွင်း  အိုင်အက်စ်အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့ပေးနေသည့် ဒစ်ဂျစ်တယ်ငွေကြေးကွန်ရက်တစ်ခုအား နှိမ်နင်းရာတွင် ဒေသခံ ၄၃ ဦးကို မေ ၁၂ ရက်က  ဖမ်းဆီးခဲ့ကြောင်း အစ္စတန်ဘူလ် တရားရေးဌာနရုံးအကြီးအကဲက  ပြောကြားသည်။ 

အစ္စတန်ဘူလ်၊ အန်ကာရာနှင့် အန်တာရာအပါအဝင် ပြည်နယ် ၁၆ ခုတွင် စစ်ဆင်ရေးဆင်နွှဲကာ စီးနင်းမှုများဆောင်ရွက်ခဲ့ကြောင်း  သိရသည်။ ၎င်းဒစ်ဂျစ်တယ်ငွေကြေးကွန်ရက်သည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြင့် ငွေကြေးကောက်ခံကာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီအသွင်ဖြင့် ကန်ဒေါ်လာ ၁၇၀၀၀၀ အား လူမှုကွန်ရက်မှနေ၍ ဆီးရီးယားနိုင်ငံ အကျဉ်းစခန်းများမှ အိုင်အက်စ်အဖွဲ့ဝင်များ၏ မိသားစုများထံ ပေးပို့ခဲ့သည်။

ယင်းစစ်ဆင်ရေးအတွင်း   အိုင်အက်စ်များနှင့်ပတ်သက်သည့် မှတ်တမ်းများကို သိမ်းဆည်းခဲ့သည်။ တူကီယဲနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်၍ အိုင်အက်စ်အဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ပြီးနောက် အိုင်အက်စ်အဖွဲ့ကလည်း နိုင်ငံအတွင်း အကြမ်းဖက်မှုများဆောင်ရွက်ခဲ့ရာ စစ်ဆင်ရေးများ ဆင်နွှဲ၍ အရေးယူမှုများ ဆောင်ရွက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ

MDN