ယူကရိန်းစစ်တပ် ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာမှသာ ငြိမ်းချမ်းရေးရှေ့ဆက်နိုင်မည်ဟု ကရင်မလင် ပြောကြား

News Image

  • ယူကရိန်းစစ်တပ် ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာမှသာ ငြိမ်းချမ်းရေး ရှေ့ဆက် နိုင်မည်ဟု ကရင်မလင် ပြောကြား

ယူကရိန်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် ယူကရိန်း စစ်တပ်အနေဖြင့် ဒွန်ဘတ်စ် (Donbass) ဒေသမှ ဆုတ်ခွာရန် လိုအပ်ကြောင်း ရုရှားသမ္မတ၏ အကြံပေးပုဂ္ဂိုလ် ယူရီ အူရှာကော့ဗ် (Yury Ushakov) က ပြောကြားလိုက်သည်။ ထိုသို့ ဆောင်ရွက်ခြင်းမရှိသရွေ့ မော်စကိုနှင့် ကိယက်ဗ်တို့အကြား ဆွေးနွေးမှုများမှာ ဆက်လက်ရပ်တန့်နေမည် ဖြစ်ကြောင်းနှင့် ယူကရိန်းအစိုးရအနေဖြင့်လည်း ထိုအချက်ကို သိရှိထားကြောင်း ၎င်းက သတင်းထောက် ပါဗယ် ဇာရူဘင် (Pavel Zarubin) သို့ ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ရုရှားနှင့် ယူကရိန်းတို့သည် အမေရိကန်၏ ကြားဝင်စေ့စပ်မှုအပါအဝင် ဆွေးနွေးပွဲအချို့ကို ပြုလုပ်ခဲ့ကြသော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလက ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် အမေရိကန်ကြားဝင်စေ့စပ်သည့် တွေ့ဆုံပွဲအပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှေးကွေးသွားခဲ့သည်။

အူရှာကော့ဗ်၏ ပြောကြားချက်အရ ယူကရိန်းတပ်ဖွဲ့များ ရုပ်သိမ်းခြင်းမရှိပါက မည်သည့်ဆွေးနွေးပွဲအသစ်ကမျှ အခြေအနေကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သိရှိရသည်။ “ယူကရိန်းဘက်က ဒီခြေလှမ်းကို မလှမ်းမချင်း ဆွေးနွေးပွဲတွေကို နောက်ထပ် အကြိမ်ပေါင်းများစွာ၊ ဒါဇင်နဲ့ချီပြီး လုပ်နေလို့ရပေမဲ့ ကျွန်တော်တို့ကတော့ ဒီနေရာမှာပဲ တန့်နေမှာပါ” ဟု ၎င်းက ဆိုသည်။

ဒါကို လုပ်ဆောင်ရမယ်ဆိုတာ ယူကရိန်းဘက်ကသိပြီးသားဖြစ်သလို အနှေးနဲ့အမြန်လည်း သူတို့ လုပ်ဆောင်လာမှာပါ” ဟု သမ္မတ အကြံပေး က ပြောကြားခဲ့သည်။ ထို့အပြင် အူရှာကော့ဗ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ မော်စကိုသည် ဝါရှင်တန်နှင့် နီးကပ်သောဆက်သွယ်မှု များ ရှိနေကြောင်းနှင့် ထရမ့်၏ စေလွှတ်ချက်အရ ကိုယ်စားလှယ်များဖြစ်သော စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျရက် ကုရှ်နာ (Jared Kushner) တို့သည် မကြာမီတွင် ရုရှားသို့ လာရောက်နိုင်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

“အမေရိကန်ဟာ အခုအချိန်မှာ အရှေ့အလယ်ပိုင်းအကျပ်အတည်းကို ပိုပြီးအာရုံစိုက်နေပေမဲ့ ယူကရိန်းအရေးကိုတော့ စွန့်လွှတ်ထားတာမျိုး မရှိပါဘူး” ဟု ၎င်းက ဇာရူဘင်ကို ပြောကြားခဲ့ပြီး မော်စကိုနှင့် ဝါရှင်တန် တို့အကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုများ ရှိနေသည်ဟု ဆိုသည်။

ယူကရိန်းအနေဖြင့် ဒွန်ဘတ်စ်ဒေသမှ ဆုတ်ခွာနိုင်ခြေရှိခြင်းသည် ဖြေရှင်းရေးလုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း အူရှာကော့ဗ်က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ပြီးပါက စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်သွားမည်ဖြစ်ကြောင်း ၎င်းက ကြာသပတေးနေ့ (မေ ၇) တွင် ပြောဆိုခဲ့သည်။

ဒွန်ဘတ်စ်ဒေသရှိ သမ္မတနိုင်ငံနှစ်ခုသည် အခြား ယူကရိန်း နယ်မြေဟောင်းများဖြစ်သည့် ခါဆန် (Kherson) နှင့် ဇာပိုရိုဇိုင်း (Zaporozhye) တို့နှင့် အတူ ၂၀၂၂ ခုနှစ် ဆောင်းဦးကာလတွင် ရုရှားနိုင်ငံအတွင်းသို့ ပူးပေါင်းရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ဒိုးနက်ပြည်သူ့သမ္မတနိုင်ငံ၏ ၁၅ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းကြားခန့်သာ ကိယက်ဗ်၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိတော့ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က မတ်လတွင် ပြောကြားခဲ့သည်။ ဧပြီလတွင်မူ အိမ်နီးချင်း လူဂန့်စ်ပြည်သူ့သမ္မတနိုင်ငံကို အပြည့်အဝလွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ရုရှားစစ်တပ် က သတင်းထုတ်ပြန်ခဲ့သည်။

ယူကရိန်းခေါင်းဆောင်ပိုင်းကမူ ရုရှား၏ နယ်မြေအသစ်များအဖြစ် သတ်မှတ်မှုကိုအသိအမှတ်ပြုရန် သို့မဟုတ် မော်စကိုသို့ နယ်မြေဒေသများ လွှဲပြောင်းပေးရန် အကြိမ်ကြိမ် ငြင်းဆိုထားသည်။ ထို့အပြင် ရုရှားနိုင်ငံအတွင်းသို့ ထည့်သွင်းထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ရေးမှာ ၎င်းတို့၏ အဓိကပန်းတိုင်များထဲမှတစ်ခုဖြစ်သည်ဟုလည်း ဆက်လက် ရပ်တည်ထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး