ဘန်ကောက်တွင် ကုရ်အာန်ကျမ်းစာကို ဝေဖန်ခဲ့သည့် LGBTQ အမျိုးသားတစ်ဦးအား မွတ်စလင်လူအုပ်စုက ဖိအားပေးတောင်းပန်ခိုင်းမှုဖြစ်ပွား
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (မေ ၁၀) က ဘန်ကောက်မြို့၊ ရာမ်ခမ်ဟဲန်း (Ramkhamhaeng) လမ်းသွယ် ၅၃ ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့တွင် မွတ်စလင်ဘာသာဝင် ထောင်ပေါင်းများစွာ စုဝေးခဲ့ကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု (Live) အတွင်း အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းစာ အပေါ် လှောင်ပြောင်ဝေဖန်ခဲ့သည့် LGBTQ အမျိုးသားတစ်ဦးအား လူသိရှင်ကြား တောင်းပန်ရန် တောင်းဆိုခဲ့ကြသည်။
အဆိုပါအမျိုးသားသည် ၎င်း၏ Live ဗီဒီယိုအတွင်း ဘာသာရေးဆိုင်ရာသတိပေးမှုများကို လျစ်လျူရှုကာ စော်ကားသည့်စကားများ ပြောဆိုခဲ့ခြင်းကြောင့် ဘာသာရေးအဖွဲ့အစည်းများ၏ ပြင်းထန်သော ကန့်ကွက်ရှုတ်ချမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ လုပ်ရပ်သည် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ထက်ကျော်လွန်ကာ ဘာသာတရားကို တိုက်ရိုက်စော်ကားခြင်းဖြစ်သည် ဟု လူအုပ်စုကယူဆခဲ့ကြပြီး ပြဿနာကိုဖြေရှင်းရန် ဖိအားပေးခဲ့ကြသည်။
အဆိုပါစုဝေးပွဲအတွင်း တင်းမာမှုများမြင့်တက်ခဲ့ပြီး ထိုအမျိုးသားသည် ၎င်း၏ လုပ်ရပ်အတွက် နောင်တရကြောင်းပြသသည့်အနေဖြင့် မိမိကိုယ် မိမိ ပါးရိုက်ပြခဲ့ရသကဲ့သို့ ဒေသခံမွတ်စလင်များ၏ တောင်းဆိုချက်အရ အချက် ၃ ချက်ကို လိုက်နာရန် သဘောတူခဲ့ရသည်။ ၎င်းတို့မှာ လူအုပ်ရှေ့တွင် ခေါင်းတုံးရိတ်ခြင်း၊ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြောင်း ကြေညာသည့် ကလီမာရွတ်ဆိုခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် လူသိရှင်ကြား တောင်းပန်ခြင်းတို့ ဖြစ်သည်။
ခေါင်းတုံးရိတ်နေစဉ်အတွင်း လူအုပ်ထဲမှအချို့က ကိုယ်ထိလက်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းမှုများကြောင့် ခဏတာရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သော်လည်း ရဲတပ်ဖွဲ့က ကြားဝင်ထိန်းသိမ်းကာ ၎င်းအား ဘေးကင်းရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ၃ နာရီနီးပါး ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက် နှစ်ဖက်စလုံးက ဥပဒေအရ အမှုမဖွင့်ရန် သဘောတူညီမှုရရှိခဲ့ကြသည်။ သို့သော်လည်း အဆိုပါဖြစ်စဉ် ဗီဒီယိုများ အွန်လိုင်းတွင် ပျံ့နှံ့လာသည့်အခါ လူအုပ်စုဖြင့် ဖိအားပေးအကျပ်ကိုင်ခြင်းနှင့် ဘာသာတရားအကာအကွယ်ယူကာ အကြမ်းဖက်ခြင်းအပေါ် ဝေဖန်မှုအချို့လည်း ထွက်ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် နောင်တရသူကို အခွင့်အရေးပေးသင့်သည်ဟူသောယူဆချက်ဖြင့် အခြေအနေများ ပြန်လည်အေးချမ်းသွားခဲ့ကြောင်း သိရှိရသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
