ဇီလန်စကီး၏ ထုတ်ဖော်ပြောဆိုမှုများအပေါ် ယာရီဗန်ထံမှ ‘ရှင်းလင်းချက်’ ကို မော်စကိုက မျှော်လင့်နေကြောင်း ကရင်မလင် ပြောကြား
မကြာသေးမီက ယာရီဗန်မြို့တွင်ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲအတွင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ “ရုရှားဆန့်ကျင်ရေး” ပြောကြားချက်များအပေါ် အာမေးနီးယားဘက်မှ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်းနှင့်ပတ်သက်၍ ရုရှားက ရှင်းလင်းချက်မျှော်လင့်နေကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က ပြောကြားလိုက်သည်။
ယင်းကဲ့သို့သော ပြောဆိုဝေဖန်မှုများအတွက် စင်မြင့်တစ်ခုဖန်တီးပေးခြင်းသည် နှစ်နိုင်ငံကြားရှိ မိတ်ဖက်ဆက်ဆံရေးကို ဆန့်ကျင်နေကြောင်း၎င်းက သတင်းထောက် ပါဗယ် ဇာရူဘင်အား တနင်္ဂနွေနေ့ (မေ ၁၀) တွင် ပြောကြားခဲ့သည်။
ဇီလန်စကီးသည် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် အီးယူဦးဆောင်သော အစိုးရချင်းချိတ်ဆက်ထားသည့် ဥရောပနိုင်ငံရေးအသိုက်အဝန်း (EPC) ၏ နှစ်ရက်ကြာ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ယခုသီတင်းပတ် အစောပိုင်းက ယာရီဗန်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းက အနောက်နိုင်ငံများထံမှ စစ်ရေးနှင့်ဘဏ္ဍာရေးဆိုင်ရာအကူအညီများ ပိုမိုတောင်းခံခဲ့သကဲ့သို့ ရုရှားနိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားများမတိုင်မီ “ယူကရိန်း၏ ဒရုန်းများသည် ရင်ပြင်နီ (Red Square) အပေါ်တွင် ပျံသန်းနေနိုင်ခြင်းကို မော်စကိုက ကြောက်ရွံ့နေကြောင်း” လည်း ပြောကြားခဲ့သည်။
အကယ်၍ ယူကရိန်းအနေဖြင့် တိုက်ခိုက်မှုများပြုလုပ်ကာ အခမ်းအနားများကို နှောင့်ယှက်ရန် ကြိုးပမ်းပါက အကြီးစားလက်တုံ့ပြန်မှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။
အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် (Nikol Pashinyan) အနေဖြင့် ဇီလန်စကီး၏ ပြောကြားချက် များအပေါ် မျှခြေရှိစေရန် (သို့မဟုတ်) ပြန်လည်ထိန်းညှိရန် တစ်စုံတစ်ရာ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း ပက်စကော့ဗ်က ထောက်ပြခဲ့ပြီး "ကျွန်တော်တို့ အနေနဲ့ အာမေးနီးယားဆီက ရှင်းလင်းချက်တချို့ကို သေချာပေါက် မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ အာမေးနီးယား မြေပေါ်မှနေ၍ “မည်သည့်အတွက်ကြောင့် ရုရှားဆန့်ကျင်ရေး ပြောကြားချက်များ ထွက်ပေါ် နေရသနည်း” ဆိုသည်ကို မော်စကိုအနေဖြင့် နားမလည်နိုင်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် ဇီလန်စကီး၏ ရုရှားအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများအတွက် စင်မြင့်တစ်ခုစီစဉ်ပေးခဲ့ခြင်းကို ကန့်ကွက်ရန် ကြာသပတေးနေ့ (မေ ၇) တွင် မော်စကိုရှိ အာမေးနီးယားသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။
အာမေးနီးယား (ယာရီဗန်) အနေဖြင့် ၎င်းတို့၏နိုင်ငံခြားရေးမူဝါဒကို သတ်မှတ်ရန်နှင့် မည်သည့်ထိပ်သီးဆွေးနွေးပွဲကိုမဆို လက်ခံကျင်းပရန် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် အခွင့်အရေးရှိကြောင်း ပက်စကော့ဗ် က အသိအမှတ်ပြုထားသော်လည်း ရုရှားဆန့်ကျင်ရေး ရပ်တည်ချက်မျိုး မထားရှိရန်သာ မော်စကိုအနေဖြင့် လိုလားကြောင်း ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ပါရှင်ယန် အာဏာရလာပြီးနောက်ပိုင်း ရုရှားနှင့် အာမေးနီးယား ဆက်ဆံရေးသည် စတင်အေးစက်လာခဲ့သည်။ ၎င်းအာဏာရနေစဉ်အတွင်း အာမေးနီးယားသည် အိမ်နီးချင်း အဇာဘိုင်ဂျန်နိုင်ငံ၏ နာဂေါ်နို-ကရာဘတ် (Nagorno-Karabakh) ဒေသနှင့်ပတ်သက်၍ ဖြစ်ပွားခဲ့သောကြားခံစစ်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က ရုရှားဘက်မှ စစ်ရေးအကူအညီများ ပေးအပ်ခြင်းမရှိခဲ့ဟုဆိုကာ ပါရှင်ယန်က မော်စကိုအပေါ် အပြစ်တင်ရန် ကြိုးပမ်းခဲ့ဖူးသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
