အစ္စရေးနှင့်လက်ဘနွန်ကြား ဆွေးနွေးပွဲများ တိုးတက်မှုရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ဝါရှင်တန်ဒီစီ၌ ပြုလုပ်လျက်ရှိပြီး အမေရိကန်က ကြားဝင်စေ့စပ်ပေးလျက်ရှိသည့် အစ္စရေးနှင့်လက်ဘနွန်တို့အကြား ဆွေးနွေးပွဲများတွင် နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာ ကဏ္ဍများ၌ တိုးတက်မှုများ ဆက်လက် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့ (ဇွန် ၂) တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲများကို နောက်ရက်တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ် (Tommy Pigott) က “လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်းက ကျရှုံးမှုများကို သင်ခန်းစာယူကျော်လွှားပြီး လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာ ပြန်လည်ထူထောင်ရေးနှင့် အစ္စရေးနိုင်ငံ၏ လုံခြုံရေးကို အာမခံချက်ပေးနိုင်ရေး ရည်ရွယ်သည့် ဘက်စုံသဘောတူညီချက်တစ်ရပ်ဆီသို့ ရှေးရှုလုပ်ဆောင်နေခြင်းကြောင့် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာလမ်းကြောင်းများတွင် တိုးတက်မှုများ ဆက်လက်ဖြစ်ထွန်းနေခြင်း ဖြစ်သည်” ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
အီရန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား သံတမန်ရေးရာကြိုးပမ်းမှုများကို နှောင့်ယှက်ဟန့်တားရန် ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားပြီးနောက် နာရီပိုင်းအကြာတွင် ယခုကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
