ဆော်ဒီအာရေဗျက အီရန်အပေါ် လျှို့ဝှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

News Image

  • အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံအပေါ် လျှို့ဝှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ (မေ ၁၃) တွင် ဖော်ပြ ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရီယတ်နှင့် တီဟီရန်တို့က တရားဝင် ဝန်ခံပြောကြားခြင်း မရှိသေးပေ။ အဆိုပါတိုက်ခိုက်မှုများ သည် အီရန်မြေပေါ်သို့ ဆော်ဒီ၏ ပထမဆုံးသော တိုက်ရိုက်စစ်ရေးအရေးယူမှု ဖြစ်လာနိုင်သော်လည်း တိုက်ခိုက်ခံရသည့် ပစ်မှတ်များ သို့မဟုတ် အချိန် ကာလတို့ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရိုက

အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံအပေါ် လျှို့ဝှက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ (မေ ၁၃) တွင် ဖော်ပြ ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ရီယတ်နှင့် တီဟီရန်တို့က တရားဝင် ဝန်ခံပြောကြားခြင်း မရှိသေးပေ။ အဆိုပါတိုက်ခိုက်မှုများသည် အီရန်မြေပေါ်သို့ ဆော်ဒီ၏ ပထမဆုံးသော တိုက်ရိုက်စစ်ရေးအရေးယူမှုဖြစ်လာနိုင်သော်လည်း တိုက်ခိုက်ခံရသည့် ပစ်မှတ်များ သို့မဟုတ် အချိန် ကာလတို့ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ရိုက်တာက ဆိုသည်။

သတင်းဖော်ပြချက်အရ ဆော်ဒီတော်ဝင်လေတပ်သည် မတ်လ နှောင်းပိုင်းတွင် အီရန်အပေါ် လူသိရှင်ကြားမဟုတ်သောတိုက်ခိုက်မှု အကြိမ်ရေ အများအပြား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အမည်မဖော်လိုသူ အရာရှိတစ်ဦးကမူ အဆိုပါတိုက်ခိုက်မှုများသည် ဆော်ဒီအာရေဗျကို တိုက်ခိုက်မှုအတွက် လက်စားချေတုံ့ပြန်သည့် သဘောဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျသည် တိုက်ခိုက်မှုမပြုမီ အီရန်ကို ကြိုတင် အကြောင်းကြားခဲ့ပြီး တိုက်ခိုက်မှုများအပြီးတွင် ပြင်းထန်သော သံတမန်ရေးရာ ဆွေးနွေးမှုများနှင့် ထပ်မံတုံ့ပြန်သွားမည်ဟူသော ခြိမ်းခြောက်မှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ ထိုကဲ့သို့ နောက်ကွယ်မှ ဆက်သွယ်မှုများကြောင့် တိုက်ခိုက်မှုများကို ရပ်တန့်စေခဲ့သည့် တင်းမာမှုလျှော့ချရေး အလွတ်သဘော သဘောတူညီချက်တစ်ခု ရရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်-အစ္စရေးနှင့် အီရန် တို့ကြား ဖြစ်ပွားနေသောစစ်ပွဲကို အပစ်အခတ်ရပ်စဲကြောင်း မကြေညာမီ တစ်ပတ်အလိုတွင် အဆိုပါ အစီအစဉ်မှာ စတင်အကျိုးသက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလအစောပိုင်းတွင် ယူအေအီးနိုင်ငံ၏ အခြေခံအဆောက်အအုံများတိုက်ခိုက်ခံရမှုအတွက် လက်စားချေသည့်အနေဖြင့် ယူအေအီး (UAE) ကလည်း အီရန်အပေါ် လျှို့ဝှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Wall Street Journal သတင်းဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြ ခဲ့သည်။ ၎င်းသည် အပစ်အခတ်ရပ်စဲရေး မကြေညာမီတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနှင့် ယူအေအီး နှစ်နိုင်ငံလုံးတွင် အမေရိကန်၏ အဓိက စစ်အခြေစိုက်စခန်းများရှိပြီး ဝါရှင်တန်၏ လုံခြုံရေးအကာအကွယ် အောက်တွင် ကာလရှည်ကြာ ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းက စတင်ခဲ့သော အမေရိကန်-အစ္စရေး စစ်ဆင်ရေးကို အီရန်က ပြန်လည်တုံ့ပြန်တိုက်ခိုက်ရာတွင် အဆိုပါ ပင်လယ်ကွေ့နိုင်ငံ နှစ်ခုလုံးမှာ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို ထပ်ခါတလဲလဲ ကြုံတွေ့ ခဲ့ရသည်။

ယူအေအီးနိုင်ငံသည် ၎င်း၏ပိုင်နက်အတွင်း တိုက်ခိုက်ခံရမှုများကို စိုးရိမ်ဖွယ်ရာတင်းမာမှု မြင့်တက်လာခြင်းဟု ပြစ်တင်ရှုတ်ချခဲ့ပြီး ပြန်လည် တုံ့ပြန်ပိုင်ခွင့်ရှိသည်ဟု အခိုင်အမာဆိုကာ ပြတ်သားသော သဘောထားကို ဖော်ပြခဲ့သည်။ ထို့ပြင် အီရန်နှင့် သံတမန်ရေးရာဆောင်ရွက်မှုများကို လူသိရှင်ကြားဆိုင်းငံ့လိုက်ပြီး တီဟီရန်ရှိ ၎င်း၏ သံရုံးကိုလည်း ပိတ်ပစ်ခဲ့သည်။

သို့သော်လည်း ဆော်ဒီအာရေဗျက ပဋိပက္ခများ ပိုမိုကျယ်ပြန့်မလာစေရန် ကြိုးပမ်းခဲ့ပြီး ရီယတ်ရှိ အီရန်သံအမတ်အပါအဝင် အီရန်အရာရှိများနှင့် ပုံမှန်ဆက်သွယ်မှုရှိနေကြောင်း သိရှိရသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော New York Times သတင်းတစ်ပုဒ်တွင်လည်း ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် အနောက်နိုင်ငံအလံလွှင့်ထူထားသော သင်္ဘောများကို စစ်ရေးအရ အစောင့်အရှောက်ပေးမည့် သမ္မတထရမ့်၏ ‘Project Freedom’ အစီအစဉ်မှာ စတင်ပြီး နှစ်ရက်အကြာတွင် ပျက်ပြယ်သွားခဲ့ကြောင်း ဖော်ပြခဲ့ပြီး ဆော်ဒီအာရေဗျက ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အကူအညီ ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ယင်းသို့ ပျက်ပြယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပင်လယ်ကွေ့နိုင်ငံများသည် အမေရိကန်ကို အားကိုးမည့်အစား အီရန်ကို ကိုယ်တိုင်တိုက်ခိုက်ရန် ဆုံးဖြတ်လာခြင်းမှာ ဝါရှင်တန်အပေါ် စိတ်ပျက်မှု များ တိုးလာနေခြင်းကို ထင်ဟပ်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။ အမေရိကန်သည် ၎င်း၏ ဒေသတွင်း မိတ်ဖက်နိုင်ငံများကို အီရန်၏ လက်စားချေမှုဒဏ်မှ အကာအကွယ်မပေးနိုင်ဘဲ ရေရှည်မဟာဗျူဟာလည်း ကင်းမဲ့နေသည်ဟု ယူဆနေကြသည်။

"ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အမြင်မှာတော့ အမေရိကန်ဟာ သူတို့ရဲ့လုံခြုံရေးကို ဦးစားမပေးတော့ဘဲ သူတို့ကို အခက်တွေ့အောင်လုပ်လိုက် သလိုပါပဲ" ဟု Gulf International Forum ၏ ဒါရိုက်တာ Dania Thafer က Wall Street Journal သို့ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး