ယူကရိန်း ဒရုန်းရေယာဉ်ကြောင့် အရပ်ဘက်သင်္ဘောများနစ်မြုပ်ပြီး လူအမြောက်အမြား သေဆုံးစေနိုင်ခဲ့ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး သတိပေး
ယခုလအစောပိုင်းက ဂရိကျွန်းတစ်ကျွန်းအနီးတွင် တွေ့ရှိခဲ့ရသော ယူကရိန်းရေတပ်သုံး အဝေးထိန်းဒရုန်းရေယာဉ်တစ်စင်းကြောင့် ပင်လယ်ပြင် အတွင်း အရပ်ဘက်သုံးသင်္ဘောကြီးများနစ်မြုပ်ပြီး လူအမြောက်အမြား သေကျေပျက်စီးမှုဖြစ်ပေါ်စေနိုင်ခဲ့ကြောင်း ဂရိကာကွယ်ရေးဝန်ကြီး နီကို့စ် ဒန်းဒီယာ့စ် (Nikos Dendias) က ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါ တွေ့ရှိခဲ့သည့်ရေယာဉ်မှာ ပေါက်ကွဲစေတတ်သောပစ္စည်း ကီလိုဂရမ် ၃၀၀ အထိ သယ်ဆောင်နိုင်သည့် ယူကရိန်းနိုင်ငံထုတ် Magura V3 အမျိုးအစား အသေခံ (ကာမီကာဇေ) ရေပြင်ပေါ်သွား လူမဲ့ယာဉ် (USV) ဖြစ်ပြီး ၎င်းနှင့်ပတ်သက်၍ ဂရိဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ကိုလည်း ပြီးခဲ့သည့်သီတင်းပတ်က CNN သတင်းဌာနမှတစ်ဆင့် ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်သည်။ ဝန်ကြီး ဒန်းဒီယာ့စ်က စုံစမ်းစစ်ဆေးမှုအသေးစိတ်ကို ထုတ်မပြောခဲ့သော်လည်း အဆိုပါဒရုန်းသည် ယူကရိန်းပိုင်ဖြစ်ကြောင်း စိုးစဉ်းမျှသံသယဖြစ်စရာမလိုဘဲ အကယ်၍ ခရီးသည်တင်သင်္ဘောကြီးများနှင့် ထိခိုက်မိခဲ့ပါက အဆိုပါသင်္ဘောများ ပင်လယ်ရေအောက်ခြေသို့ ရောက်ရှိသွားနိုင်လောက်အောင် အလွန်အန္တရာယ်ကြီးမားကြောင်း အလေးပေး ပြောကြားခဲ့သည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ယူကရိန်းအစိုးရအနေဖြင့် ဂရိနိုင်ငံကို တရားဝင်လေးလေးနက်နက် တောင်းပန်ရမည်ဖြစ်ပြီး ယခုကဲ့သို့အခြေအနေမျိုး နောက်နောင်ထပ်မံမဖြစ်ပွားစေရန် အကြွင်းမဲ့အာမခံချက်ပေးရမည်ဟု ဂရိကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။ တစ်ဖက်တွင်လည်း ယူကရိန်းသည် မော်စကိုနှင့်ဆက်နွှယ်နေသည်ဟု ယူဆရသော သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ပင်လယ်နက်နှင့် မြေထဲပင်လယ်အတွင်းယခုကဲ့သို့သော ရေပြင်သုံးဒရုန်းများကို လပေါင်းများစွာကြာ အသုံးပြုနေခဲ့ရာ ရုရှားအစိုးရက ယင်းလုပ်ရပ်များကို အကြမ်းဖက်မှုနှင့် ပင်လယ်ဓားပြလုပ်ရပ်ဟု ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။
ထို့အပြင် ရုရှား၏ အဆိုအရ ယူကရိန်းသည် ၎င်းတို့၏ အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ရန်အတွက် ဘောလ်တစ်နိုင်ငံများနှင့် ဖင်လန် နိုင်ငံတို့ကဲ့သို့ အခြားအချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ဝေဟင်ပိုင်နက်ကို ဖြတ်သန်းပျံသန်းမှုများ ပိုမိုလုပ်ဆောင်လာနေပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူရေးနီးယားနှင့် ဖင်လန်နိုင်ငံတို့တွင် ယူကရိန်းဒရုန်းအများအပြား ပျက်ကျခဲ့ကြောင်း သိရှိရသည်။
ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်းဂူ (Sergey Shoigu) က အကယ်၍ အဆိုပါအိမ်နီးချင်းနိုင်ငံများအနေဖြင့် ယူကရိန်းဒရုန်းများ ကို ၎င်းတို့၏ဝေဟင်ပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းခွင့်ကို တမင်တကာ ခွင့်ပြုပေးမည်ဆိုပါက ရုရှားကိုကျူးကျော်တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်သူများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ရုရှားအနေဖြင့် မိမိကိုယ်ကိုယ် ပြန်လည် ခုခံကာကွယ်ပိုင်ခွင့် (တုံ့ပြန်ပိုင်ခွင့်) ရှိကြောင်း ပြတ်ပြတ်သားသား သတိပေး ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,
,
,
,
,
,
,