နေတိုးလေပိုင်နက်အတွင်း ယူကရိန်းဒရုန်းများ ဝင်ရောက်မှုအပေါ် ရုရှား တွင်သာ တာဝန်ရှိကြောင်း နေတိုးနှင့် ဆွီဒင်ဝန်ကြီးချုပ်တို့ ပြောကြား၊ လတ်ဗီးယားအစိုးရအဖွဲ့ ပြိုကွဲသည်အထိ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပွား

News Image

  • နေတိုးလေပိုင်နက်အတွင်း ယူကရိန်းဒရုန်းများ ဝင်ရောက်မှုအပေါ် ရုရှား တွင်သာ တာဝန်ရှိကြောင်း နေတိုးနှင့် ဆွီဒင်ဝန်ကြီးချုပ်တို့ ပြောကြား၊ လတ်ဗီးယားအစိုးရအဖွဲ့ ပြိုကွဲသည်အထိ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပွား

ယူကရိန်း၏ဒရုန်းများ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လေပိုင်နက်အတွင်းသို့ အကြိမ်ကြိမ် ဝင်ရောက်ပျံသန်းနေသည့် ကိစ္စရပ်နှင့်ပတ်သက်၍ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယူကရိန်း၏ဒရုန်းတိုက်ခိုက်မှုများ လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရန် ကူညီလမ်းညွှန်ပေးသင့်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ပြောကြားလိုက်သည်။

နေတိုးအတွင်းရေးမှူးချုပ် Mark Rutte နှင့် ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဆွီဒင်ဝန်ကြီးချုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းဒရုန်းများ လမ်းကြောင်းလွဲချော်ကာ နေတိုးလေပိုင်နက်အတွင်းသို့ ရောက်ရှိလာခြင်းမှာ ရုရှား၏ လျှပ်စစ်သံလိုက်လှိုင်းနှောင့်ယှက်မှုများ (Jamming) သို့မဟုတ် အခြားသော နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် ဖြစ်နိုင်ကြောင်းနှင့် အဆိုပါဖြစ်စဉ်များအတွက် ရုရှားတွင်သာ လုံးဝတာဝန်ရှိကြောင်း ၎င်းတို့နှစ်ဦးလုံးက ပြစ်တင် ရှုတ်ချခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လလယ်ပိုင်းမှစ၍ ရုရှားအနောက်မြောက်ပိုင်း လီနင်ဂရက် (Leningrad) ဒေသရှိ ရေနံတင်ပို့သည့် စစ်ရေးပစ်မှတ်များကို ဦးတည် တိုက်ခိုက်ရန် ပျံသန်းလာသော ယူကရိန်း၏ တာဝေးပစ်ဒရုန်းများသည် ဘောလ်တစ်နှင့် နော့ဒစ်နိုင်ငံများ၏ လေပိုင်နက်များကို ဖြတ်သန်းဝင်ရောက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ရုရှား ပြည်ပထောက်လှမ်းရေးအဖွဲ့ကမူ လတ်ဗီးယားနိုင်ငံအနေဖြင့် ယူကရိန်းကို ရုရှားအား တိုက်ခိုက်ရန် နယ်မြေခွင့်ပြုထားသည်ဟု စွပ်စွဲခဲ့သော်လည်း ဘောလ်တစ်နိုင်ငံများက အဆိုပါစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။ 

သို့သော်လည်း ပိုလန်၊ အက်စတိုးနီးယားနှင့် ဖင်လန်နိုင်ငံတို့မှ ကာကွယ်ရေးတာဝန်ရှိသူများကမူ ယူကရိန်းအနေဖြင့် မိမိကိုယ်ကိုယ်ခုခံပိုင်ခွင့်ရှိသော်လည်း ၎င်းတို့၏ဒရုန်းများကို ယခုထက်ပိုမိုတိကျစွာ ထိန်းချုပ်မောင်းနှင်ရန် သတိပေးတိုက်တွန်းထားကြသည်။

ယခု ဒရုန်းဝင်ရောက်မှုဖြစ်စဉ်များကြောင့် ဒေသတွင်းနိုင်ငံများတွင် စစ်ရေးနှင့် နိုင်ငံရေးအရ ကြီးမားသောဂယက်ရိုက်ခတ်မှုများ ကြုံတွေ့နေရသည်။ အက်စတိုးနီးယားနိုင်ငံတွင် ယူကရိန်းဒရုန်းတစ်စင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံခေါင်းတိုင်ကို ဝင်တိုက်မိခဲ့ပြီး လစ်သူယေးနီးယား၊ ဖင်လန်နှင့် ရိုမေးနီးယားနိုင်ငံတို့တွင်လည်း ဒရုန်းကျူးကျော်မှုများကြုံတွေ့ ခဲ့ရသဖြင့် နေတိုးတိုက်လေယာဉ်များ အရေးပေါ် ပျံသန်းကာကွယ်ခဲ့ရသည်။

အဆိုးရွားဆုံးအခြေအနေအဖြစ် လတ်ဗီးယားနိုင်ငံတွင် မေလ ၇ ရက်နေ့ က ရေနံသိုလှောင်ရုံတစ်ခုကို ဒရုန်းနှစ်စင်းလာရောက်ထိမှန်မှုကို ကြားဖြတ် မတားဆီးနိုင်ခဲ့ခြင်းကြောင့် ပြင်းထန်သောနိုင်ငံရေး အကျပ်အတည်းတစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်ခဲ့ရသည့် အပြင် ဝန်ကြီးချုပ် Evika Silina ၏ အစိုးရအဖွဲ့ပါ ပြိုကွဲသွားခဲ့ရကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး