ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်မံစေလွှတ်မည်ဟု သမ္မတ ထရမ့် ကြေညာ

News Image

  • ပိုလန်သို့ အမေရိကန်စစ်သည် ၅,၀၀၀ ထပ်မံစေလွှတ်မည်ဟု သမ္မတ ထရမ့် ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုလန်နိုင်ငံသို့ အမေရိကန် စစ်သည်အင်အား ၅,၀၀၀ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြေညာလိုက်သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် EU လိုလားသော လစ်ဘရယ်ကိုယ်စားလှယ်ကို အနိုင်ရရှိခဲ့သည့် ပိုလန်၏ ကွန်ဆာဗေးတစ် သမ္မတသစ် ကာရိုလ် နော်ရော့စကီး (Karol Nawrocki) အပေါ် နိုင်ငံရေး အရထောက်ခံမှုနှင့် ၎င်းတို့နှစ်ဦးကြားရှိ ရင်းနှီးသော ဆက်ဆံရေးကြောင့်ဖြစ်ကြောင်း ထရမ့်က ဆိုသည်။ 

ထို့အပြင် ပြီးခဲ့သည့်သီတင်းပတ်က စစ်သည် ၄,၀၀၀ ကို ပိုလန်သို့ အလှည့်ကျစေလွှတ်မည့်အစီအစဉ်အား ပင်တဂွန်စစ်ဌာနချုပ်က ရုတ်တရက် ဆိုင်းငံ့ခဲ့မှုကြောင့် ပိုလန်အရာရှိများကြား ဝေဝါးမှုများဖြစ်ပေါ်ခဲ့ရပြီးနောက်ယခုကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဆိုင်းငံ့မှုနှင့်ပတ်သက်၍ ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ၎င်းမှာ စစ်အင်အား လျှော့ချခြင်းမဟုတ်ဘဲ အချိန်ကြန့်ကြာမှုသာဖြစ်ကြောင်းနှင့် မီဒီယာများက လွန်လွန် ကဲကဲ တုံ့ပြန်ခဲ့ကြခြင်းဖြစ်ကြောင်း ရှင်းလင်းထားသည်။

သို့သော် ယခုစေလွှတ်မည့် ထပ်တိုးစစ်သည် ၅,၀၀၀ သည် ပြီးခဲ့သည့် သီတင်းပတ်က ဆိုင်းငံ့ခံလိုက်ရသည့် အင်အားများကိုဆိုလိုခြင်း သို့မဟုတ် ဂျာမနီမှပြန်လည်ရုပ်သိမ်းလာမည့် စစ်အင်အားဆိုသည်ကိုမူ အိမ်ဖြူတော် နှင့် ပင်တဂွန်တို့က ရှင်းရှင်းလင်းလင်း အတည်ပြုခြင်း မရှိသေးပေ။ 

အဆိုပါ ဆုံးဖြတ်ချက်သည် အီရန်နှင့်ဖြစ်ပွားနေသော အမေရိကန်-အစ္စရေးစစ်ပွဲနှင့်ပတ်သက်၍ ဂျာမနီအစိုးရနှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ဂျာမနီနိုင်ငံမှ အမေရိကန်စစ်သည် ၅,၀၀၀ ပြန်လည်ရုပ်သိမ်းမည့် ထရမ့်၏ဆုံးဖြတ်ချက်နှင့် တိုက်ဆိုင်နေပြီး သမ္မတထရမ့်က ဂျာမနီမှရုပ်သိမ်းမည့် စစ်တပ်များကို ပိုလန်သို့ ပြောင်းရွှေ့ချထားနိုင်ကြောင်း ယခင်ကတည်းက အရိပ်အမြွက် ပြောကြားခဲ့ဖူးသည်။ ဝါရှင်တန်သည် လက်ရှိတွင် ဥရောပတစ်ခွင်၌ စစ်သည် ၈၀,၀၀၀ ခန့် ချထားရာတွင် ဂျာမနီ၌ ၃၈,၀၀၀ ကျော်နှင့် ပိုလန်၌ ၁၀,၀၀၀ ခန့် ပါဝင်ပြီး ပိုလန်နိုင်ငံကို အမေရိကန် စစ်မက်ရေးရာဝန်ကြီး ပိဟက်ဆက်က စံပြမဟာမိတ်ဟု တင်စားထားသည်။

အခြားတစ်ဖက်တွင်မူ သမ္မတထရမ့်သည် ဥရောပ NATO အဖွဲ့ဝင် နိုင်ငံများအနေဖြင့် အမေရိကန်၏ ကာကွယ်ရေးစရိတ်ကို လုံလောက်စွာ စိုက်ထုတ်ခြင်းမရှိဟု အမြဲတစေ စွပ်စွဲလေ့ရှိပြီး စစ်အင်အားချထားပေးမှု ကို နိုင်ငံရေးအရ ဆုလာဘ် သို့မဟုတ် အပြစ်ပေးမှုတစ်ခုကဲ့သို့ ကိုင်တွယ် လျက်ရှိသည်။ သတင်းများအရ အိမ်ဖြူတော်သည် အီရန်စစ်ပွဲအပါအဝင် ဝါရှင်တန်၏ မူဝါဒများအပေါ် မဟာမိတ်များ၏ ထောက်ခံမှုအခြေအနေ ကို ကြည့်၍ Naughty and Nice list ဟူ၍ပင် စာရင်းပြုစုထားကြောင်း သိရသည်။

ထို့ပြင် နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများ အရေးပေါ်အခြေအနေတွင် အထောက်အကူဖြစ်စေမည့် အမေရိကန်၏ စစ်အင်အားအရင်းအမြစ်များကို ပင်တဂွန်က သိသိသာသာလျှော့ချရန် စီစဉ်နေသည်ဟုလည်းရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ဥရောပအတွင်းစစ်ရေးတိုးချဲ့လာမှုအပေါ် ရုရှားအစိုးရက ပြစ်တင်ရှုတ်ချလိုက်ပြီး အနောက်နိုင်ငံများသည် ၎င်းတို့၏ ပြည်တွင်းရေးပြဿနာများကို လမ်းလွှဲရန်နှင့် EU ကို စစ်ရေးအုပ်စုတစ်ခုအဖြစ်ပြောင်းလဲရန်အတွက် ရုရှား၏ ခြိမ်းခြောက်မှုကို လုပ်ကြံဖန်တီး၍ အကြောင်းပြနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ချေပထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး