ဥရောပ၌ဖြစ်ပေါ်သော ပြင်းထန်သည့် အပူလှိုင်းက ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်ဟုဆို

News Image

  • ဥရောပ၌ဖြစ်ပေါ်သော ပြင်းထန်သည့် အပူလှိုင်းက ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသော အကျိုးဆက်ဖြစ်ဟုဆို

ဥရောပဒေသ အနောက်ပိုင်းတွင်ဖြစ်ပေါ်နေသော အပူလှိုင်းသည် သာမန်ထက်ပိုမို စောစီးစွာဖြစ်ပေါ်နေသည့်အပြင် အပူချိန်သည်လည်း ပိုမိုပြင်းထန်ကြောင်းနှင့် ယင်းသို့ဖြစ်ပေါ်နေခြင်းသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသောအကျိုးဆက်ဖြစ်ပြီး ပြင်းပြင်းထန်ထန် သတိပေးနေခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏ မိုးလေဝသဌာနမှအကြီးအကဲက မေလ ၂၇ ရက်တွင်ပြောသည်။

အထူးသဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံတို့တွင် အပူချိန်များမြင့်တက်လာကြောင်း၊ ယခုသီတင်းပတ်အတွင်းဖြစ်ပေါ်နေသည့် အပူချိန်များသည် မေလအတွက် အပူဆုံးသောနေ့များဖြစ်ကြောင်း၊ ထိုသို့ဖြစ်လာရသည့်အဓိကအကြောင်းရင်းမှာ လူသားများအနေဖြင့် ကျောက်မီးသွေးများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အသုံးပြုနေခြင်းကြောင့်ဖြစ်ကြောင်းနှင့် ယင်းအခြေအနေများသည် ရာသီဥတုပြောင်းလဲရခြင်း၏ အဓိကအကြောင်းရင်းခံများဖြစ်ကြောင်း ကုလသမဂ္ဂ၏ မိုးလေဝသဌာန အကြီးအကဲ စိုင်မွန်စတီးယဲကပြောသည်။

ပြင်သစ်နိုင်ငံ၌ အပူလှိုင်းဖြစ်ပေါ်လျက် ရှိသည့်အချိန်အတွင်း လူခုနစ်ဦးသေဆုံးကြောင်း၊ ၎င်းတို့အနက် ငါးဦးသည် အပူရှောင်စဉ် ရေနစ်ခြင်းကြောင့်ဖြစ်ကြောင်းပြင်သစ်တာဝန်ရှိသူများက မေလ ၂၆ ရက်တွင်ထုတ်ပြန်ထားသည်။ အလားတူ ဗြိတိန်နိုင်ငံတွင်လည်း မေလ ၂၄ ရက်နောက်ပိုင်း အပူရှောင်စဉ် ရေနစ်မှုကြောင့် သေဆုံးသူ၂၄ ဦးရှိကြောင်းနှင့် ယင်းဒေသများ၌ အပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ်မှ ၃၆ ဒီဂရီစင်တီဂရိတ်ကြား ရှိကြောင်း သိရသည်။

MWD