လာအိုရှိလိုဏ်ဂူအတွင်း ပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကို အသက်ရှင်လျက်တွေ့ရှိ
လာအိုနိုင်ငံ၌ ရွှေတူးနေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘေးလွတ်ရာသို့သွားရာမှ လိုဏ်ဂူတစ်ခုအတွင်းပိတ်မိနေသူ ခုနစ်ဦးအနက် ငါးဦးကိုအသက်ရှင်လျက် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများက မေလ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါရွှေတူးသူခုနစ်ဦးသည် မေလ ၂၀ ရက်တွင်ဖြစ်ပွားသော မိုးသည်းထန်စွာရွာသွန်းစဉ်ကတည်းက လိုဏ်ဂူအတွင်း ပိတ်မိသွားခြင်းဖြစ်သည်။
ယင်းကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်နေသော ထိုင်းနိုင်ငံမှ အတွေ့အကြုံရှိ ရေငုပ်သမားများက မွန်းလွဲ ၄ နာရီခွဲဝန်းကျင်၌ အငူလေးတစ်ခုပေါ်တွင် ထိုင်နေကြသော ရွာသားငါးဦးရှိရာနေရာသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊ လိုဏ်ဂူအတွင်းအခြားလူနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ရေငုပ်သမားများသည် အလွန်တရာ ကျဉ်းမြောင်းလှပြီး အသက်ရှူရန်ပင် အခက်အခဲရှိသည့် လိုဏ်ဂူအတွင်း လေးရက်ကြာရေငုပ်သွားပြီးနောက် ယခုကဲ့သို့ကယ်ဆယ်နိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။
လက်ရှိတွင် အဆိုပါအသက်ရှင်သူငါးဦးကို လိုဏ်ဂူအတွင်းမှအပြင်သို့ မည်သည့်နည်းဖြင့် ကယ်ထုတ်မည်ကိုမူ တာဝန်ရှိသူများက ထုတ်ဖော်ပြောထားခြင်း မရှိသေးကြောင်းနှင့် လိုဏ်ဂူအတွင်းဖြစ်ပေါ်သည့် အခြေအနေများကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြောထားသည်ဟု သိရသည်။
MWD

,