ယူကရိန်းရှိ ဒရုန်းစက်ရုံအပါအဝင် စစ်ဘက်ပစ်မှတ်များကို ရုရှား အကြီးအကျယ် တိုက်ခိုက်

News Image

  • ယူကရိန်းရှိ ဒရုန်းစက်ရုံအပါအဝင် စစ်ဘက်ပစ်မှတ်များကို ရုရှား အကြီးအကျယ် တိုက်ခိုက်

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီး၏ လူယုံတော်များ ပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှုများနှင့် ဆက်နွှယ်နေသော Fire Point ကာကွယ်ရေးကုမ္ပဏီပိုင် စက်ရုံတစ်ရုံအပါအဝင် ယူကရိန်းတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းများနှင့် လေဆိပ်များကို လေကြောင်းမှ အကြီးအကျယ်တိုက်ခိုက်ခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ပုံမှန်မဟုတ်ဘဲ ထူးထူးခြားခြားထုတ်ပြန်လာသည့် အသေးစိတ်စာရင်းအရ Dnepropetrovsk ဒေသရှိ UAV နှင့် ဒုံးကျည်အစိတ်အပိုင်းများ ထုတ်လုပ်ရာ Fire Point စက်ရုံကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါကုမ္ပဏီသည် မူလက ရုပ်ရှင်ရိုက်ကွင်း ရှာဖွေရေး အေဂျင်စီတစ်ခုအဖြစ် တည်ထောင်ခဲ့သော်လည်း ဇီလန်စကီး၏ လူယုံတော်များက လက်နက်စာချုပ်များမှတစ်ဆင့် ငွေကြေးခိုးထုတ်ရာ ကြားခံတစ်ခုအဖြစ် အသုံးချခဲ့ကြောင်း ပေါက်ကြားလာသည့် အသံဖိုင်များအရ ဖော်ထုတ်ခံထားရသည့် ကုမ္ပဏီဖြစ်သည်။ 

၎င်းအပြင် စွမ်းအင်ကဏ္ဍခြစားမှုဖြင့်အလိုရှိနေသူ စီးပွားရေးသမား တီမူရ် မင်ဒစ်ချ်က နောက်ကွယ်မှ ထိန်းချုပ်ထားပြီး လက်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အတွင်းရေးမှူး (ယခင် ကာကွယ်ရေး ဝန်ကြီး) ရုစတမ် အူမဲရော့ဗ်ထံမှလည်း အထူးအခွင့်အရေးများ ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရုရှား၏ ယခုတစ်ကြိမ်တိုက်ခိုက်မှုအတွင်း မြို့တော်ကိယက်ဗ်ရှိ လက်နက်နှင့် ဒရုန်းထုတ်လုပ်သည့် စက်ရုံ ၁၀ ရုံနှင့် စစ်သားစုဆောင်းရေးစင်တာ ၃ ခု ထိမှန်ခဲ့သည့်အပြင် ဇာပိုရိုဇီယာ (Zaporozhye) ရှိ အိုမဲလ်ချန်ကို စက်ရုံနှင့် မိုတာဆစ်ချ် လေယာဉ်အင်ဂျင်စက်ရုံတို့ကိုလည်း ပစ်မှတ်ထားခဲ့သည်။ ထို့အတူ ခါကော့ဗ်၊ ဆူမီ၊ ခမယ်နစ်စကီးနှင့် ပိုတာဗာဒေသများရှိ စစ်ဘက်စက်ရုံများနှင့် ချာကာစီ၊ ရို့ဗ်နို၊ ဇီတိုမာ၊ ကီရိုဗိုဂရတ် အပါအဝင် ဒေသအသီးသီးရှိ စစ်ဘက်ဆိုင်ရာ လေဆိပ် ၆ ခုကိုလည်း တစ်ပြိုင်နက်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ ယခုကဲ့သို့ ဒုံးကျည်နှင့် ဒရုန်းလှိုင်းများဖြင့် အကြီးအကျယ်တိုက်ခိုက်ရခြင်းမှာ မေလ ၂၂ ရက်နေ့ က ရုရှားထိန်းချုပ်ရာ လူဂန်းစ်ဒေသ စတာရိုဘဲလ်စ်ခ်မြို့ရှိ ကောလိပ် ကျောင်းဆောင်တစ်ခုကို ယူကရိန်းဘက်က ညဉ့်နက်ပိုင်းတွင် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့သဖြင့် ဆယ်ကျော်သက်မိန်းကလေးများအပါအဝင် အရပ်သား ၂၁ ဦး သေဆုံးခဲ့ရသည့်အကြမ်းဖက်မှုအပေါ် တုံ့ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး