အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွား

News Image

  • အမေရိကန်နှင့် အီရန်တို့အကြား အပြန်အလှန် ဒုံးကျည်တိုက်ခိုက်မှုများ ဖြစ်ပွား

အရှေ့အလယ်ပိုင်းဒေသတစ်လွှား၌ အီရန်နိုင်ငံ၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်စစ်တပ်က အီရန်ပိုင် Qeshm ကျွန်းပေါ်ရှိ စစ်ရေးပစ်မှတ်များကို မိမိကိုယ်ကိုခုခံကာကွယ်သည့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ဇွန်လ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ယင်းတိုက်ခိုက်မှုအတွင်း Qeshm ကျွန်းပေါ်ရှိ အီရန်စစ်တပ်၏ မြေပြင်ထိန်းချုပ်ရေးစခန်းတစ်ခုကို အမေရိကန်က တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။ CENTCOM ၏ ထုတ်ပြန်ချက်အရ အီရန်သည် ဒေသတွင်းအိမ်နီးနားချင်း နိုင်ငံများထံသို့ ပဲ့ထိန်းဒုံးကျည်အမြောက်အမြား ပစ်လွှတ်ခဲ့သော်လည်း ရည်မှန်းချက်အောင်မြင်ခြင်းမရှိဘဲ ပျက်ပြားခဲ့ကြောင်း၊ ကူဝိတ်နိုင်ငံသို့ ပစ်ခတ်သော ဒုံးကျည်နှစ်စင်းမှာ လမ်းခရီး၌ပင် ပျက်စီးသွားခဲ့ပြီး ဘာရိန်း နိုင်ငံသို့ ပစ်လွှတ်ခဲ့သောဒုံးကျည်သုံးစင်းကိုမူ အမေရိကန်နှင့် ဘာရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်မူ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့အနေဖြင့် ကူဝိတ်နိုင်ငံသို့ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၁၀ စင်း ပစ်ခတ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ယင်းသို့ ကူဝိတ် အပေါ် တိုက်ခိုက်ရခြင်းမှာ အမေရိကန်တပ်ဖွဲ့များက Qeshm ကျွန်းအပေါ် ပြောင်ပြောင်တင်းတင်း ရန်စကျူးလွန်ခဲ့မှုကြောင့်ဖြစ်ပြီး ယခုလုပ်ရပ်သည် အစပျိုးတုံ့ပြန်မှုမျှသာ ဖြစ်သည်ဟု IRGC က ဆိုသည်။ ထို့ပြင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအနေဖြင့် နောက်ထပ် ပိုမိုပြင်းထန်သည့် လက်တုံ့ပြန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း အီရန် ဘက်က ဆက်လက်သတိပေးထားသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး