ကူဝိတ်နိုင်ငံကို ဒုံးကျည်များဖြင့် တိုက်ခိုက်နိုင်ခဲ့ကြောင်း အီရန်က ကြေညာပြီးနောက် ဘာရိန်းနိုင်ငံတွင် အရေးပေါ်သတိပေးဥဩသံများ ထွက်ပေါ်
ဗုဒ္ဓဟူးနေ့ (ဇွန် ၃) နံနက်အစောပိုင်းက ဘာရိန်းနိုင်ငံတွင် အရေးပေါ် သတိပေးဥဩသံများ ထွက်ပေါ်ခဲ့ပြီး နိုင်ငံသားများအနေဖြင့် တည်ငြိမ်စွာ နေထိုင်ကြရန်နှင့် အနီးဆုံး အန္တရာယ်ကင်းသည့် အမိုးအကာများအောက်သို့ သွားရောက်ခိုလှုံကြရန် ဘာရိန်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ခဲ့သည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မထွက်ပေါ်မီ အချိန်အနည်းငယ်မျှအလိုတွင် အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ကူဝိတ်နိုင်ငံရှိ ရန်သူ့အခြေစိုက်စခန်းများကို ဒုံးကျည်သုံးစင်းဖြင့် ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်းကြေညာခဲ့ပြီး တစ်ပြိုင်နက်တည်းမှာပင် ကူဝိတ် စစ်တပ်ကလည်း ဒုံးကျည်နှင့်ဒရုန်းတိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားနေရကြောင်း ပြောကြားခဲ့သည်။
ထို့နောက်တွင် အီရန်နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနက ကူဝိတ်နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့များ အသုံးပြုနေသောလေတပ်အခြေစိုက်စခန်းနှစ်ခုကို အီရန် တပ်ဖွဲ့များက ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံကြေညာခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
