ထရမ့်က အိန္ဒိယ ကို အခွန် ၂၅ % ကောက်ခံလိုက်ခြင်းမှာ တစ်စိတ်တစ်ပိုင်းက BRICS ကြောင့် ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းက ကုန်သွယ်ရေးကြောင့် ဖြစ်သည်ဟုဆို
ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၀) က အိမ်ဖြူတော်မှာပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၊ ရုရှားကို “ထောက်ခံခြင်း” အတွက် အိန္ဒိယအပေါ် ချမှတ်ထားသည့် နောက်ထပ် ပြစ်ဒဏ် မည်သို့ဖြစ်မည်နှင့် တခြားနိုင်ငံတွေမှာလည်း အလားတူခြိမ်းခြောက်မှုတွေနှင့် ရင်ဆိုင်နေရ ခြင်းရှိ/မရှိ ထရမ့်ကို မေးခွန်းထုတ်ခံခဲ့ရပြီး၊ ယင်းအတွက် အိန္ဒိယက BRICS အဖွဲ့ဝင်ဖြစ်ခြင်းအပေါ် မကျေ နပ်ကြောင်း အမေရိကန်သည် အိန္ဒိယနှင့် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ထရမ့်က ပြောကြား ခဲ့သည်။
BRICSသည် စီးပွားရေးထွန်းသစ်စ (၁၁) နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဒေါ်လာအပေါ် “တိုက်ခိုက်” နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မည်သူကိုမျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ “မိမိတို့အနေဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေပါကြောင်း၊ BRICS က အခြေခံအားဖြင့် အမေရိကန်ကို ဆန့်ကျင်သည့် အဖွဲ့အစည်း တစ်ခုပါ၊ အိန္ဒိယက အဖွဲ့ဝင် ဖြစ်နေခြင်းသည် “ဒေါ်လာအပေါ် တိုက်ခိုက်နေသည့်သူ” ဟု ယုံကြည်ခံရနိုင်ပါသည်၊ မိမိ တို့အနေဖြင့် ဒေါ်လာအပေါ် တိုက်ခိုက်နေသည့် မည်သူ့ကိုမဆို ခွင့်လွှတ်မည်မဟုတ်ပါ၊ ထို့ကြောင့် ၎င်းတို့အပေါ် BRICS က တစ်စိတ်တစ်ပိုင်း၊ ကုန်သွယ်မှုက တစ်စိတ်တစ်ပိုင်း သက်ရောက်နေပါသည်” ဟု ထရမ့်က ပြောကြား ပါသည်။
အိန္ဒိယအပြင် BRICS တွင် ဘရာဇီး၊ ရုရှား၊ တရုတ်၊ တောင်အာဖရိက၊ ဆော်ဒီအာရေဗျ၊ အီဂျစ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ အီသီယိုပီးယား၊ အင်ဒိုနီးရှားနှင့် အီရန်တို့ ပါဝင် ပါသည်။
ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီသည် ၎င်း၏ “မိတ်ဆွေ” ဖြစ်သော်လည်း အိန္ဒိယသည် ကမ္ဘာပေါ် တွင် “အခွန်အကောက် အမြင့်ဆုံးနိုင်ငံ” ရှိသည့်နိုင်ငံဖြစ်ပြီး အမေရိကန်သည် အိန္ဒိယနှင့် အမေရိကန်နှင့် ကုန်သွယ်မှုလိုငွေ အလွန်အမင်း မြင့်မားကြောင်း ထရမ့်ကထပ်လောင်း ပြော ကြားခဲ့ကြောင်း “မိမိတို့မှာကြီးမားသည့် ကုန်သွယ်မှု လိုငွေတွေရှိပါသည်။ သိကြသည့် အတိုင်း ဝန်ကြီးချုပ် မိုဒီက မိမိ၏မိတ်ဆွေဖြစ်သော်လည်း ၎င်းတို့နှင့် မိမိတို့သည် စီးပွားရေး ဆက်ဆံမှု အနည်းငယ်သာ ရှိပါသည်။ ၎င်းတို့က မိမိတို့ကို အများအပြား ရောင်းချကြ သော်လည်း မိမိတို့ဆီက အများအပြားမဝယ်ကြပါ။ ဘာကြောင့်လဲ သိကြလား၊ ကုန်သွယ်ခွန် မြင့်မားနေသောကြောင့် ဖြစ်ပါသည်။ ၎င်းတို့က ကမ္ဘာပေါ်တွင် အခွန်အခအမြင့်ဆုံး နိုင်ငံ ထဲမှ တစ်နိုင်ငံဖြစ်ပါသည်။ ယခု ပြတ်ပြတ်သားသား ဆောင်ရွက်ရန် ဆန္ဒရှိပါသည်။ ဘာတွေ ဖြစ်လာမလဲ။ မိမိတို့ အိန္ဒိယနှင့် ပြောဆိုနေကြပါပြီ။ ဘာဖြစ်မလဲ ကြည့်ကြတာပေါ့။ ညှိနှိုင်း၍ ရသည့်အချိန် သို့မဟုတ် တိကျသေချာသည့် ကုန်သွယ်ခွန် သတ်မှတ်ပြီးသည့်တိုင်အောင် အခက်အခဲ ကြီးကြီးမားမား မရှိနိုင်ပါ။ ယခု သီတင်းပတ်ကုန်လျှင် သိရမည်ဖြစ်ပါသည်” ဟု ထရမ့်က ပြောပါသည်။
အမေရိကန်သမ္မတ ဖွင့်ဟပေးထားသည့် အိန္ဒိယနှင့် အကောက်အခွန်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေး မှုသည် ဆက်လက်လုပ်နေဦးမည်ဖြစ်ပြီး “မိမိတို့ ၎င်းတို့နှင့် ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ကာ၊ ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ အိန္ဒိယသည် အမြင့်မားဆုံး သို့မဟုတ် ကမ္ဘာပေါ်ရှိ ကုန်သွယ်မှု အမြင့်မားဆုံးနိုင်ငံဖြစ်ကြောင်း၊ ယခု မိမိတို့ အိန္ဒိယနှင့် ညှိနှိုင်း ဆွေးနွေးမှု များ လုပ်နေပါကြောင်း” ထရမ့်က ပြောကြားပါသည်။
အမေရိကန်သည် အိန္ဒိယအပေါ် အခွန် ၂၅ % ကောက်ခံ
ထရမ့်၏ ကြီးမားသည့် အခွန်ပမာဏကောက်ခံရန် ကြေညာလိုက်အပြီး၊ အိန္ဒိယအစိုးရက မိမိတို့ မှတ်သားထားပြီး၊ ဘယ်လို ဂယက်မျိုး ရိုက်ခတ်လာမည် ဆိုသည်ကို လေ့လာသွား ပါမည်ဟု အိန္ဒိယ အစိုးရက ပြောကြားပါသည်။
“ပြီးခဲ့သောလ အနည်းငယ်အတွင်း အိန္ဒိယနှင့်အမေရိကန်တို့သည် တရားမျှတပြီး အပြန် အလှန်အကျိုးဖြစ်ထွန်းစေမည့် နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက် တစ်ရပ်ရရှိရေး အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ရည်မှန်းချက်အတွက် မိမိတို့ အနေဖြင့် ဆက်လက် ကတိပြုထားပါသည်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား - ဟိန္ဒူစတန်တိုင်းမ်
ဘာသာပြန်ဆိုသူ- ဦးခိုင်ထွဋ်လှ၊ ဝန်ကြီးဌာန-၂
