သင်္ဘောလမ်းကြောင်းအဓိကအချက်အချာတစ်ခုနီးပါးမျှ ပိတ်ဆို့သွားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့မှုကွင်းဆက်များအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်
အရှေ့အလယ်ပိုင်းဒေသ၏ ပဋိပက္ခများကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် ရိုက်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းလမ်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုကြောင့် ကုန်သွယ်မှုကွင်းဆက်များ သိသိသာသာ ထိခိုက်လျက်ရှိသည်။
အဆိုပါရေလက်ကြားသည် ရေနံကြွယ်ဝသော ပါရှန်ပင်လယ်ကွေ့နှင့် ကမ္ဘာ့အခြားဒေသများကို ချိတ်ဆက်ပေးထားသည့် အဓိက အချက်အချာ ဖြစ်ပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့်သည် ၎င်းလမ်းကြောင်းမှတစ်ဆင့် စီးဆင်းလျက်ရှိသည်။ သို့သော် လက်ရှိတွင် သင်္ဘောအများအပြားမှာ အဆိုပါရေလက်ကြားကို ဖြတ်သန်းခြင်းမပြုဘဲ ရှောင်ကွင်းနေကြခြင်း သို့မဟုတ် ကျောက်ချရပ်နားထားရခြင်းတို့ကြောင့် ရေကြောင်းကုန်သွယ်မှုမှာ ရပ်တန့်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
အာရှဒေသရှိ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်းမှ တင်သွင်းသော သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် အဓိကမှီခို နေရသဖြင့် ၎င်းတို့၏ ပြည်တွင်းစီးပွားရေးနှင့် ဈေးကွက်များမှာ များစွာ စိုးရိမ်ရသည့်အခြေအနေသို့ ဆိုက်ရောက်နေသည်။ တောင်ကိုရီးယား နိုင်ငံအတွက် အရေးပါသောကုန်ပစ္စည်းများ တင်ဆောင်လာသည့် ရေနံတင်သင်္ဘော အနည်းဆုံး (၇) စီးခန့်မှာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်ခြင်းမရှိဘဲ ပိတ်မိနေကြောင်း တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့သည်။
အမေရိကန်တွင် ယခုသီတင်းပတ်အစောပိုင်းက ရေနံဈေးနှုန်းများမြင့်တက်ခဲ့ပြီး ပြည်သူများ၏ လူနေမှုစရိတ်အပေါ် ရိုက်ခတ်မှုများရှိနေသည့် စက်သုံးဆီဈေးနှုန်းများကိုလည်း စတင်မြင့်တက်စေခဲ့ပါသည်။ သို့သော် ဗုဒ္ဓဟူးနေ့ (မတ် ၄) တွင် ရေနံဈေးနှုန်း မြင့်တက်မှုမှာ ခေတ္တရပ်တန့် သွားခဲ့ပြီး အမေရိကန်နှင့် ဥရောပစတော့ရှယ်ယာဈေးကွက်များ ပြန်လည် ဦးမော့လာခဲ့သည်ကို တွေ့ရှိရသည်။
ကမ္ဘာ့အကြီးဆုံး ရေကြောင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကြီးများ ဖြစ်ကြသည့် Maersk နှင့် Hapag-Lloyd တို့က အရှေ့အလယ်ပိုင်းဒေသရှိ တိုက်ပွဲများကြောင့် ပါရှန်ပင်လယ်ကွေ့ဆိပ်ကမ်းများသို့ ဦးတည်မည့်ကုန်စည်အများစုကို လက်ခံတော့မည်မဟုတ်ကြောင်း ၎င်းတို့၏ ဖောက်သည်များထံ အကြောင်းကြားထားပြီး ဖြစ်သည်။
အဆိုပါ ရေကြောင်းလမ်းပိတ်ဆို့မှုသည် ရေနံနှင့်အခြား ကုန်စည်များသာမက စားနပ်ရိက္ခာလုံခြုံမှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ အိုမန်၊ ဆော်ဒီ အာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာ၊ ဘာရိန်းနှင့် ကူဝိတ်စသည့် ပင်လယ်ကွေ့ အာရပ်ခြောက်နိုင်ငံသည် ၎င်းတို့၏ ရာသီဥတုမှာ စိုက်ပျိုးရေးအတွက်ခက်ခဲသောကြောင့် စားနပ်ရိက္ခာ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရခြင်း ဖြစ်သည်။
အဆိုပါနိုင်ငံများအနေဖြင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် စားနပ်ရိက္ခာတင်သွင်းရာတွင် ဟော်မုဇ်ရေလက်ကြားကို မဖြစ်မနေဖြတ်သန်းရမည် ဖြစ်သဖြင့် အစားထိုးလမ်းကြောင်း အနည်းငယ်သာရှိသည်။ သို့သော်လည်း အဆိုပါပင်လယ်ကွေ့နိုင်ငံအများစုတွင် လအတန်ကြာ အသုံးပြုနိုင်သည့် ကြီးမားသော အရေးပေါ်ရိက္ခာနှင့် ကောက်ပဲသီးနှံ သိုလှောင်ရုံများ ရှိနေကြသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
