စက်သုံးဆီနှင့် ဓာတ်မြေဩဇာများ ဖူလုံစွာရရှိရေး
ယခုလက်ရှိအချိန်တွင် ဖြစ်ပွားလျက်ရှိသည့် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီများရှားပါးမှုကို ကမ္ဘာတစ်ဝန်းတွင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါ အခက်အခဲကို ကျော်လွှားဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှု များကိုလျှော့ချနိုင်ရန်အတွက် မကြာမီကာလက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသုံးစွဲမှု နှင့် ဆီဖြည့်သွင်းမှုကို စုံ/မ အလှည့်ကျစနစ်ဖြင့်ဆောင်ရွက်ခြင်း၊ QR Code များအသုံးပြု၍ ဆီဖြည့်ခြင်းစနစ်များကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ရေးအတွက် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် ထုတ်ပြန်ကြေညာထားသည်။ ထိုသို့ဆောင်ရွက်ခြင်းကြောင့် စက်သုံးဆီသုံးစွဲမှုကို တတ်နိုင်သမျှ လျှော့ချလာနိုင်ပြီဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများမြင့်တက်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများအလိုက် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနိုင်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ဤသည်ကိုတွက်ဆ၍ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် အဓိကလိုအပ်သည့် ဒီဇယ်ဆီများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ သယ်ယူပို့ဆောင်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရေးအတွက် အများပြည်သူသုံးသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် မီးရထားဖြင့် ပို့ဆောင်မှုများကို အဓိကထားအသုံးပြု၍ ကုန်စည်များကို သယ်ယူပို့ဆောင်သွားကြရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၁ ရက်ကကျင်းပသည့် စက်သုံးဆီများဖူလုံစွာ ရရှိရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရေးအစည်းအဝေးတွင် အမှာစကားပြောကြားစဉ် “ယခုကာလအတွင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်နှင့်အတူ ဒေါ်လာဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဒေါ်လာဈေးများမြင့်တက်လာခြင်းမှာ စက်သုံးဆီများအပါအဝင် အခြားပြည်ပသွင်းကုန် တန်ဖိုးများမြင့်မားလာခြင်းကြောင့် ငွေကြေးပမာဏ ပိုမိုသုံးစွဲရပြီး ဒေါ်လာဈေးများမြင့်မားလာခြင်း ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းကုန်ဈေးနှုန်းများ မြင့်တက်လာမှုမရှိစေရေးအတွက် ဝင်ငွေနည်းပါးသည့် ပြည်သူများနှင့်ဝန်ထမ်းများအတွက် အဓိကထား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်သုံးဆီ ဈေးများမြင့်တက်မှုမရှိစေရေးအတွက် ပြည်ပမှစက်သုံးဆီများ တင်သွင်းရာတွင် ကောက်ခံလျက်ရှိ သည့် အခွန်အခများလျှော့ပေါ့ ပေးနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း” ထည့်သွင်း
ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်ဧပြီလ ၁ ရက်မှ ၃၀ ရက်နေ့အထိ ဒီဇယ်ဆီHSD (500ppm)တင်သွင်းမှုအပေါ်ကောက်ခံသော အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံသည့်ဝင်ငွေခွန်(၂ ရာခိုင်နှုန်း)တို့ကို ကင်းလွတ်ခွင့်ပြုခြင်း၊ ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုကင်းလွတ်ခွင့်ပြုခြင်းများနှင့် ပတ်သက်၍ အများပြည်သူသို့ အသိပေးကြေညာချက်များ ထုတ်ပြန်ကြေညာပေးထားသည်။
စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုများဖြစ်သည့် ရေနှင့်ဓာတ်မြေဩဇာများလိုအပ် သကဲ့သို့ လယ်ထွန်စက်များနှင့် ရေတင်စက်များအတွက်လည်း စက်သုံးဆီများလိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ရေတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများလျှော့ချပြီး သဘာဝဓာတ်မြေဩဇာများကို ပိုမိုသုံးစွဲကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး လုပ်ငန်းများအတွက် မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့်ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှလျှော့ချပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်အရ ပြည်ပမှနှစ်စဉ် တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာ
သုံးစွဲလျက်ရှိရာ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုပ်နှင့် နှမ်းတို့ကို ပိုမိုတိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်သည်။ အဓိကအားဖြင့် နေကြာစိုက်ပျိုး ထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရမှုကိုလျှော့ချနိုင်သလို နိုင်ငံခြားငွေသုံးစွဲမှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးတောင်သူများအတွက် လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်တောင်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးမည်ဖြစ်ပေရာ တောင်သူများဘက်မှလည်း အတတ်နိုင်ဆုံး ကုန်ထုတ်လုပ်မှုများ ပြုလုပ်ကြရန်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ပါက တစ်ဖက်မှလည်း နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချသွားနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
