၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြုသင်ခန်းစာ ဘောဂဗေဒ ဘာသာရပ် သိကောင်းစရာများ
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် ဘောဂဗေဒ ဘာသာရပ်နှင့်ပတ်သက်သော အထောက်အကူပြုသိကောင်းစရာများအနေဖြင့် အပိုင်း(၂)ပိုင်းခွဲ၍ ဖော်ပြ ပါမည်။ ပထမပိုင်းတွင် စာမေးပွဲမေးခွန်းပုံစံကို ဖော်ပြမည်ဖြစ်ပြီး ဒုတိယပိုင်းတွင် ဖြေဆိုပုံ ဖြေဆိုနည်းများ နှင့် သတိပြုရမည့်အချက်များကို ရှင်းလင်းပါမည်။
တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံ
တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာတွင် မေးခွန်းအမျိုးအစား (၅)မျိုး ပါဝင် သည့် မေးခွန်း(၅)ပုဒ်ပါရှိပါသည်။ မေးခွန်း (၅)ပုဒ်လုံးကို ဖြေဆိုကြရမည်ဖြစ်သည်။ မေးခွန်းအမျိုးအစား (၅)မျိုးမှာ (၁) ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ (၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ (၃) မှတ်စုတိုမေးခွန်း၊ (၄) မှတ်စုရှည် မေးခွန်းနှင့် (၅)တွက်ချက်မှုနှင့်သုံးသပ်ဖြေဆိုမှုများပြုလုပ်ရသည့်မေးခွန်းတို့ဖြစ်သည်။

အထက်ပါဇယားအရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ် မေးခွန်းလွှာတွင် ပါဝင်သော မေးခွန်းပုံစံ(၅)မျိုးသည် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်မေးခွန်းလွှာတွင်ပါဝင်သော မေးခွန်းပုံစံများနှင့် တူညီပါသည်။ သို့သော် သတိပြုရမည့်အချက်မှာ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ဘောဂဗေဒဘာသာရပ်တွင် အချို့သော မေးခွန်းနံပါတ်များ၌ ရွေးချယ်ဖြေဆိုရန်ပေးထားသည့် အရေအတွက်ပြောင်းသွားခြင်းပင်ဖြစ်သည်။ မေးခွန်းနံပါတ်(၂) အဓိပ္ပာယ်ဖွင့်ဆိုချက်များကို (၁၀)ခုပေးထားပြီး ကြိုက်နှစ်သက်ရာ(၅)ခုကို ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ အလားတူပင် မေးခွန်းနံပါတ်(၄) မှတ်စုရှည်မေးခွန်းတွင် (က)နှင့် (ခ)ဟူ၍ ရွေးချယ်စရာ(၂)ပုဒ် ပေးထားပြီး ကြိုက်နှစ်သက်ရာ(၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရန်ဖြစ်သည်။ မေးခွန်း နံပါတ်(၅) တွင် တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုပြုလုပ်ရသည့် မေးခွန်းများကို (က)နှင့် (ခ) ဟူ၍ မေးခွန်း (၂)ပုဒ် မေးထားပြီး ရွေးချယ်စရာမရှိဘဲ (၂)ပုဒ်လုံးကို ဖြေဆိုရပါမည်။
ဖြေဆိုပုံဖြေဆိုနည်း
မေးခွန်းနံပါတ် (၁)သည် ဓမ္မဓိဋ္ဌာန်မေးခွန်းများဖြစ်သည်။ မေးခွန်းနံပါတ်(၁) ကို ဖြေဆိုနိုင်ရန်အတွက် သင်ခန်းစာတိုင်း၏အဆုံးတွင် ဘောင်ခတ်၍ ဖော်ပြထားသော အဓိကအချက်များကို လေ့လာရုံမျှဖြင့် မလုံလောက်ကြောင်း သတိပြုရပါမည်။ သင်ခန်းစာတွင်ပါရှိသော သဘောတရားများနားလည်သဘော ပေါက်မှုကို ဆန်းစစ်သည့် မေးခွန်းဖြစ်သည့်အတွက် သင်ခန်းစာကို ကောင်းစွာနားလည်မှသာ ဖြေဆိုနိုင် မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ်(၁)အတွက် စုစုပေါင်းပေးမှတ်မှာ (၃၀)မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် (၁)ကို (က)၊ (ခ) နှင့် (ဂ) ဟူ၍ (၃) ပိုင်းခွဲထားသည်။
မေးခွန်း (၁-က) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ပေးထားသောဖော်ပြချက်ကို မှား သို့မဟုတ် မှန် ဖြေဆိုရန်ဖြစ်ပါသည်။ မေးခွန်းစာကြောင်းပြန်ရေးရန်မလိုဘဲ အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ - ‘အစွန်းထွက်ထုတ်ကုန်တိုးတက်လာခြင်းသည် ထုတ်လုပ်မှုတွင် အသုံးပြုသည့် ပုံသေသွင်းအားစုနှင့် သွင်းအားစုရှင် အချိုးမြင့်မားနေသည့် အဆင့်များတွင်သာ ဖြစ်ပေါ်မည်။’ ဟူသော ဖော်ပြချက်အတွက် အဖြေမှာ ‘မှန်’ ဖြစ်သည့်အတွက် ‘မှန်’ဟုသာ ဖြေဆိုရန်ဖြစ်သည်။ အဖြေလွှာစစ်ဆေးသူ (စာစစ်သူ) ဖတ်၍ မရသော၊ မှား/မှန် မကွဲပြားသော အဖြေများအတွက် အမှတ်မရရှိနိုင်ပါ။ ထို့ကြောင့် ဖြေဆိုသူက အဖြေကို ပီပီသသ၊ မှန်မှန်ကန်ကန် ဖော်ပြဖြေဆိုရပါမည်။ မေးခွန်းဖော်ပြချက် (၁၀)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်း ပေးမှတ်မှာ (၁၀)မှတ်ဖြစ်သည်။
မေးခွန်း (၁-ခ) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် (က)၊ (ခ) နှင့် (ဂ) ဟူ၍ အဖြေ (၃)မျိုး ပေးထားသည့်အနက် အဖြေမှန်တစ်ခုကိုသာ ရွေးချယ်ရန်ဖြစ်သည်။ မေးခွန်း စာကြောင်းပြန်ရေးရန်မလိုဘဲ အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ ဥပမာ ‘ကုန်စည်တစ်ခု အတွက် ဝယ်လိုအား၏ဝင်ငွေအလျော့အတင်းသည် အနုတ်လက္ခဏာဆောင်ပါက ထိုကုန်စည်သည် (က) မရှိမဖြစ်ကုန်စည် (ခ) သာမန်ကုန်စည် (ဂ) ကုန်ညံ့ဖြစ်သည်။’ ဟူသော ဖော်ပြချက်တွင် အဖြေမှာ (ဂ) ကုန်ညံ့ဖြစ်သည်။ ထို့ကြောင့် အဖြေကို (၁) (ဂ) သို့မဟုတ် (၁)(ဂ) ကုန်ညံ့ဟု ဖြေဆိုရန်ဖြစ်သည်။ မေးခွန်း ဖော်ပြချက် (၁၀)ခုအတွက် (၁)ခုလျှင် (၁)မှတ်ဖြင့် စုစုပေါင်းပေးမှတ် (၁၀)မှတ် ဖြစ်သည်။
မေးခွန်း (၁-ဂ) ။ ။ ဤမေးခွန်းတွင် ဖော်ပြချက် (၁၀)ခုပါရှိပြီး ဖော်ပြချက်တစ်ခုစီတွင် ဖြေဆိုသူက ပေးထားသောဖော်ပြချက်စာကြောင်း၏ လိုအပ်သည့်ကွက်လပ်အတွက် အဖြေမှန်ကို ဖြည့်စွက်ပေးရန်ဖြစ် သည်။ မေးခွန်းစာကြောင်းကို ပြန်ရေးသားရန်မလိုဘဲ ဖြည့်စွက်ရမည့်အဖြေကိုသာ နံပါတ်တပ်၍ ဖြေဆို ရန်ဖြစ်သည်။ တိကျသော အဖြေဖြစ်ရန်နှင့် စာလုံးပေါင်းမှန်ရန် လိုအပ်ပါသည်။ ဥပမာ‘ငွေကြေးမူဝါဒ၏ ကန့်သတ်ချက်အနေဖြင့် အတိုးနှုန်းပြောင်းလဲမှုအပေါ် စီးပွားရေးလုပ်ဆောင်ချက်များက တုံ့ပြန်ရာတွင် --------ရှိနေသည်။’ဟူသော မေးခွန်းအတွက်အဖြေမှာ ‘အချိန်ကွာဟမှု’ ဖြစ်ရာ ယင်းအဖြေကိုသာ နံပါတ်တပ်၍ ဖြေဆိုရန်ဖြစ်သည်။ မေးခွန်းဖော်ပြချက် (၁)ခုလျှင် (၁)မှတ်ဖြင့် (၁၀)ခုအတွက် စုစုပေါင်း ပေးမှတ် (၁၀)မှတ်ဖြစ်သည်။
မေးခွန်းနံပါတ်(၂)တွင် အဓိပ္ပာယ်ဖွင့်ဆိုချက်များကို မေးထားရာ၌ ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များအတိုင်း တိတိကျကျပြည့်စုံစွာ ဖြေဆိုရန်လိုအပ်ပါသည်။ ဖြေဆိုရာတွင် တိကျမှန်ကန် ပြည့်စုံပါက အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုအတွက် (၂)မှတ်အပြည့်၊ မှန်ကန်သော်လည်း မပြည့်စုံပါက (၁)မှတ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက် မှားယွင်းပါက (ဝ)မှတ်ဟု အမှတ်ပေးစည်းမျဉ်း ချမှတ်စစ်ဆေးလေ့ရှိသဖြင့် ဂရုစိုက် ဖြေဆိုကြရန်ဖြစ်ပါသည်။ အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုလျှင် (၂)မှတ်နှင့် (၅)ခု ဖြေဆိုရသည့်အတွက် စုစုပေါင်းပေးမှတ်မှာ (၁၀)မှတ် ဖြစ်သည်။
မေးခွန်းနံပါတ်(၃)တွင် (၁၀)မှတ်တန် မှတ်စုတို (၄)ပုဒ် ပေးထားပြီး နှစ်သက်ရာ (၂)ပုဒ်ကို ရွေးချယ် ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းနံပါတ်(၃)အတွက် မှတ်စုတို(၁)ပုဒ်လျှင်(၁၀)မှတ်နှင့် (၂)ပုဒ်အတွက် ပေးမှတ်မှာ (၂၀)မှတ်ဖြစ်သည်။ မေးခွန်းနံပါတ် (၄)တွင် အမှတ်(၂၀)မှတ်တန် မှတ်စုရှည် (၂)ပုဒ်ပေးထားပြီး နှစ်သက်ရာ(၁)ပုဒ်ကို ရွေးချယ်ဖြေဆိုရမည်ဖြစ်သည်။ မှတ်စုတိုနှင့် မှတ်စုရှည်မေးခွန်းများကို ဖြေဆိုနိုင်ရန်မှာ ပြဋ္ဌာန်းစာအုပ်ပါ သင်ခန်းစာအားလုံးကို နှံ့စပ်စွာဖတ်ရှုလေ့လာရန် အထူးလိုအပ်ပါသည်။ အချက်အလက်များကို ဖော်ပြရှင်းလင်းရန်ဟု မေးပါက အဖြေလွှာစစ်ဆေးသူ ရှင်းလင်းစွာစစ်ဆေးနိုင်ရန် မေးထားသည့်အချက်အလက်များကို ဦးစွာဖော်ပြပြီးမှ (၁)ချက်ချင်းစီကို ရှင်းလင်းဖြေဆိုသင့်ပါသည်။
မေးခွန်းနံပါတ် (၅)တွင် တွက်ချက်မှုနှင့် သုံးသပ်ဖြေဆိုမှုပြုလုပ်ရသည့် မေးခွန်းများကို (က)နှင့် (ခ) ဟူ၍ မေးခွန်း(၂)ခု မေးထားပြီး (၂)ခုလုံးကို ဖြေဆိုရပါမည်။ မေးခွန်းနံပါတ်(၅)အတွက် ပေးမှတ်မှာ (၂၀)မှတ် ဖြစ်သည်။ မေးခွန်းနံပါတ်(၅)တွင် ပေးထားသောကိန်းဂဏန်းများနှင့် အချက်အလက်များကို အသုံးပြု ၍ တွက်ချက်ခြင်း၊ မျဉ်းကွေးများ ရေးဆွဲခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်ဖြေဆိုရသည့်အတွက် သင်ခန်းစာပါ သဘောတရားများအပေါ် နားလည်တတ်ကျွမ်းမှုကို ဆန်းစစ်သောမေးခွန်းများဖြစ်သည်။ တိကျမှန်ကန် စွာဖြေဆိုနိုင်ပါက အမှတ်ပြည့်ရရှိနိုင်သော်လည်း တွက်ချက်မှုနှင့်သုံးသပ်ချက်များ မှားယွင်းပါက အမှတ် လျော့လွယ်သော မေးခွန်းပုံစံဖြစ်ပါသည်။ ထို့ကြောင့် မေးခွန်းနံပါတ်(၅)နှင့် ပတ်သက်၍ အထူးအလေးပေး ရှင်းလင်းပါမည်။
မေးခွန်းနံပါတ်(၅)တွင် တွက်ချက်မှုနှင့်သုံးသပ်ဖြေဆိုမှု ပြုလုပ်ရသည့်မေးခွန်းများကို မေးနိုင်သည့် အခန်းမှာ (၄)ခန်းရှိသည်။ ယင်းအခန်းများမှာ သင်ခန်းစာ အခန်း(၁)၊ အခန်း(၂)၊ အခန်း(၃)နှင့် အခန်း(၇) တို့ဖြစ်ကြသည်။
အခန်း(၁)‘ဝယ်လိုအားအလျော့အတင်းနှင့် ရောင်းလိုအားအလျော့အတင်း’ အခန်းတွင် အလျော့ အတင်းပုစ္ဆာပုံစံ(၅)မျိုးရှိသည်။ (က) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း၊ (ခ) စုစုပေါင်း ရောင်းရငွေနှင့်ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း ဆက်စပ်ပုံ၊ (ဂ)ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်း၊ (ဃ)ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်းနှင့် (င) ရောင်းလိုအား အလျော့အတင်းတို့ဖြစ်သည်။
ဝယ်လိုအား၏ဈေးနှုန်းအလျော့အတင်း၊ ဝယ်လိုအား၏ ဝင်ငွေအလျော့အတင်း၊ ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်းနှင့် ရောင်းလိုအားအလျော့အတင်းများကို တွက်ချက်စေသော မေးခွန်းများ တွင် မေးထားသည့် အလျော့အတင်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖော်ပြ ဖြေဆိုရပါမည်။ ထို့နောက် တွက်ချက်မှုနှင့် သုံးသပ်မှုကိုပြုလုပ်ရပါမည်။ ဥပမာ - ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း ပုစ္ဆာမေးခွန်းကို ဖြေဆိုရာတွင် ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပုံသေနည်းကို ဦးစွာဖြေဆိုပြီးမှ ပေးထားသော ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ တွက်ချက်ရပါမည်။ ထို့နောက် တွက်ချက်ရရှိသောအဖြေကို ဝယ်လိုအား၏ဈေးနှုန်းအလျော့အတင်း သဘောတရား များအရ သုံးသပ်ဖြေဆိုရမည်။ ထို့အတူ အခြားသော အလျော့အတင်း ပုစ္ဆာမေးခွန်းများကို ဖြေဆိုရာတွင် လည်း အထက်ပါအတိုင်းဖြေဆိုရမည်။ အလျော့အတင်း ပုစ္ဆာမေးခွန်းများအတွက် သုံးသပ်ရာတွင် မှတ်သားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း(Ed )အတွက် အချက်(၃)ချက် သုံးသပ်ရပါမယ်။
(၁) ကုန်စည်၏ ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရပါမည်။ ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်း (Ed) အနည်း/အများကို သုံးသပ်ရာတွင် အနုတ်လက္ခဏာကိုမစဉ်းစားဘဲ ပကတိတန်ဖိုးကို စဉ်းစားရမှာဖြစ်သည်။ ဥပမာ Ed ရဲ့တန်ဖိုး - ၁.၆ ဖြစ်ပါက Ed သည် ၁ ထက်ကြီးသဖြင့် အလျော့အတင်းများသည်ဟု သုံးသပ်နိုင်သည်။ Ed ၏တန်ဖိုး - ၀.၆ ဖြစ်ပါက ပကတိတန်ဖိုးအရ Ed သည် ၁ ထက်ငယ်သောကြောင့် အလျော့အတင်းနည်းသည်ဟု သုံးသပ်နိုင်သည်။
(၂) ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်းတန်ဖိုးသည် အမြဲတမ်း အနုတ်လက္ခဏာဖြစ်ရသည့် အကြောင်းရင်းကို ဖော်ပြရမည်။ (ကုန်စည်၏ ဈေးနှုန်းနှင့်ဝယ်ယူသောအရေအတွက်သည် ပြောင်းပြန် ဆက်စပ်သဖြင့် Ed တန်ဖိုးသည် အမြဲလို အနုတ်တန်ဖိုးဖြစ်သည်။)
(၃) ဈေးနှုန်း ၁% မြင့်တက်သွားပါက ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်းမည်မျှ လျော့နည်းသွား သည် (သို့မဟုတ်) ဈေးနှုန်း ၁% ကျဆင်းသွားပါက ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်း မည်မျှတိုးသွား သည်ကို သုံးသပ်ရပါမည်။
(ခ) စုစုပေါင်းရောင်းရငွေနှင့် ဝယ်လိုအား၏ ဈေးနှုန်းအလျော့အတင်းဆက်စပ်ပုံကိုလည်း လေ့လာ ထားရန်လိုအပ်ပါသည်။ တွက်ချက်ရရှိသော ဝယ်လိုအားအလျော့အတင်းတန်ဖိုးအရ ကုန်စည်၏ ဝယ်လိုအားအလျော့အတင်းအနည်း/အများကို သုံးသပ်နိုင်သကဲ့သို့ အလျော့အတင်းတန်ဖိုးကို မတွက်ချက်ဘဲ ဈေးနှုန်းပြောင်းလဲမှုနှင့် စုစုပေါင်းရောင်းရငွေ ပြောင်းလဲမှုအရလည်း ကုန်စည်၏ ဝယ်လိုအားအလျော့ အတင်းအနည်း/အများကို ခန့်မှန်းနိုင်ကြောင်း သိရှိထားရန်လိုအပ်သည်။ ဇယားတွင် ဖော်ပြထားသည့် အချက်အလက်များအရ ဈေးနှုန်း၊ စုစုပေါင်းရောင်းရငွေနှင့် ဝယ်လိုအား အလျော့အတင်းတို့၏ ဆက်စပ်မှုများကို ရှင်းလင်းဖြေဆိုပါဟူသော မေးခွန်းမျိုးတွင် ဝယ်လိုအား၏ ဈေးနှုန်း အလျော့အတင်း (Ed )ကို တွက်ချက်ဖော်ပြရန်မလိုအပ်ပါ။ ဥပမာ အောက်ဖော်ပြပါ ဇယားတွင် ဈေးနှုန်းနှင့် ဝယ်ယူသည့် အရေအတွက်များကို ဖော်ပြထားသည်

ဇယားပါအချက်အလက်များအရ ဈေးနှုန်းနှင့်အရေအတွက်ကိုမြှောက်ခြင်းဖြင့် စုစုပေါင်း ရောင်းရငွေကိုတွက်ချက်ရရှိမည်။ ဇယားတွင် ဈေးနှုန်းများကိုကြည့်ပါက ကျဆင်းနေကြောင်းကို တွေ့ရ သည်။ ရောင်းရငွေကိုကြည့်ပါက ရောင်းရငွေတိုးလာပြီး ဈေးနှုန်း (၄၀)ကျပ်မှာ (၃၂၀)ကျပ်ဖြစ်ပြီး အများ ဆုံးဖြစ်ပါသည်။ ဈေးနှုန်း (၃၀)ကျပ်မှစ၍ ရောင်းရငွေ ကျဆင်းသွားပါသည်။ ထို့ကြောင့် ဆက်စပ်မှုကို ကြည့်သောအခါ ဈေးနှုန်း (၇၀)ကျပ်မှ (၄၀)ကျပ်အထိတစ်ပိုင်း၊ ဈေးနှုန်း (၄၀)ကျပ်မှ (၂၀)ကျပ်အထိ တစ်ပိုင်း ပိုင်းခြားပြီး သုံးသပ်ရပါမည်။ သုံးသပ်ပုံမှာ - ဈေးနှုန်းသည် (၇၀)ကျပ်မှ (၆၀)ကျပ်၊ (၅၀)ကျပ် နှင့် (၄၀)ကျပ်သို့ ကျဆင်းသွားသောအခါ ဝယ်ယူသောအရေအတွက်များသည် တိုးလာပြီး ရောင်းရငွေမှာ လည်း (၁၄၀)ကျပ်မှ (၂၄၀)ကျပ်၊ (၃၀၀)ကျပ်နှင့် (၃၂၀)ကျပ်သို့ တိုးသွားသည်။ ဝယ်ယူသည့် အရေအတွက် တိုးလာခြင်းသည် ဈေးနှုန်းကျဆင်းခြင်းထက် အချိုးအစားများသောကြောင့် ရောင်းရငွေတိုးလာခြင်းဖြစ် သည်။ ဈေးနှုန်းသည် (၇၀)ကျပ်မှ (၆၀)ကျပ်၊ (၅၀)ကျပ်နှင့် (၄၀)ကျပ်သို့ ကျဆင်းသွားသောအခါ ဈေးနှုန်း ပြောင်းလဲမှုနှင့် ရောင်းရငွေပြောင်းလဲမှု ပြောင်းပြန်ဆက်စပ်နေသဖြင့် ဝယ်လိုအား အလျော့အတင်းများသည် ဟု သုံးသပ်နိုင်သည်။
ဈေးနှုန်းသည် (၄၀)ကျပ်မှ (၃၀)ကျပ်နှင့် (၂၀)ကျပ်သို့ ဆက်လက်ကျဆင်းသွားသောအခါ ဝယ်ယူသော အရေအတွက်များသည် တိုးလာပြီး ရောင်းရငွေမှာ (၃၂၀)ကျပ်မှ (၃၀၀)ကျပ်နှင့် (၂၄၀)ကျပ်သို့ ကျဆင်း သွားသည်။ ဝယ်ယူသည့်အရေအတွက်တိုးလာခြင်းသည် ဈေးနှုန်းကျဆင်းခြင်းထက် အချိုးအစားနည်း သောကြောင့် ရောင်းရငွေလျော့နည်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် ဈေးနှုန်းသည် (၄၀)ကျပ်မှ(၃၀)ကျပ် နှင့် (၂၀)ကျပ်သို့ ကျဆင်းသွားသောအခါ ရောင်းရငွေကျဆင်းသွားသည်။ ဈေးနှုန်းပြောင်းလဲမှုနှင့် ရောင်းရ ငွေပြောင်းလဲမှု တိုက်ရိုက်ဆက်စပ်နေသဖြင့် ဝယ်လိုအား အလျော့အတင်းနည်းသည်ဟု သုံးသပ်နိုင်သည်။
(ဂ) ဝယ်လိုအား၏ အပြန်အလှန်အလျော့အတင်း (Exy) ကို သုံးသပ်ရာတွင်လည်း အချက် (၃)ချက် သုံးသပ်ရပါမည်။
(၁) ကုန်စည်၏ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရမည်။ Exy ၏ တန်ဖိုး ၁ ထက်ကြီးပါက အလျော့အတင်းများပြီး၊ Exy ၏တန်ဖိုး ၁ ထက်ငယ်ပါက အလျော့အတင်းနည်းသည်ဟု သုံးသပ်ရမည်။
(၂) တွက်ချက်ရရှိသော အပြန်အလှန်အလျော့အတင်း (Exy) ၏ လက္ခဏာကိုသုံးသပ်ရမည်။ Exy သည် အပေါင်း (+) လက္ခဏာဆောင်ပါက ကုန်စည် X ကိုဝယ်ယူသောအရေအတွက်နှင့် ကုန်စည် Y ၏ ဈေးနှုန်းတိုက်ရိုက်ဆက်စပ်သဖြင့် ကုန်စည် X နှင့် ကုန်စည် Y သည် အစားထိုးကုန်စည်များဖြစ်ကြသည် ဟုသုံးသပ်ရမည်။ Exy သည် အနုတ်(-) လက္ခဏာဆောင်ပါက ကုန်စည် X ကို ဝယ်ယူသောအရေအတွက်နှင့် ကုန်စည် Y ၏ဈေးနှုန်း ပြောင်းပြန်ဆက်စပ်သဖြင့် ကုန်စည် X နှင့် ကုန်စည် Y သည် တွဲဖက်ကုန်စည်များ ဖြစ်ကြသည်ဟုသုံးသပ်ရမည်။
(၃) ကုန်စည် Y ၏ဈေးနှုန်း ၁% ပြောင်းလဲခြင်း (တက်ခြင်း/ကျခြင်း)ကြောင့် ကုန်စည် X ကိုဝယ်ယူသော အရေအတွက် ရာခိုင်နှုန်းမည်မျှပြောင်းလဲသွားသည်(တိုးသွားသည်/လျော့သွားသည်)ကို သုံးသပ်ရမည်။
(ဃ) ဝယ်လိုအား၏ဝင်ငွေအလျော့အတင်း (Ey) ကို သုံးသပ်ရာတွင်လည်း အချက်(၃)ချက် သုံးသပ် ရပါမည်။
(၁) ကုန်စည်၏ဝယ်လိုအားအလျော့အတင်း အနည်း/အများကို သုံးသပ်ရမည်။ Ey ၏ တန်ဖိုး ၁ ထက်ကြီးပါက အလျော့အတင်းများပြီး၊ Ey ၏ တန်ဖိုး ၁ ထက်ငယ်ပါက အလျော့အတင်းနည်းသည်ဟု သုံးသပ်ရမည်။
(၂) တွက်ချက်ရရှိသော ဝင်ငွေအလျော့အတင်းတန်ဖိုး၏ လက္ခဏာကိုသုံးသပ်ရမည်။
(၃) ဝင်ငွေ ၁% ပြောင်းလဲခြင်းကြောင့် ဝယ်ယူသောအရေအတွက်ပြောင်းလဲမှုရာခိုင်နှုန်းကို သုံးသပ် ရမည်။ Ey တန်ဖိုး အပေါင်းလက္ခဏာ(+) လက္ခဏာဆောင်ပါက ဝင်ငွေတိုးလျှင် ကုန်စည်အတွက် ဝယ်လို အားတိုးသည်။ ထို့ကြောင့် သာမန်ကုန်စည်ဟုသုံးသပ်နိုင်သည်။ Ey တန်ဖိုး အနုတ်လက္ခဏာ (-) ဆောင်ပါ က ဝင်ငွေတိုးလျှင် ကုန်စည်အတွက်ဝယ်လိုအားကျဆင်းသွားသည်။ ထို့ကြောင့် ကုန်စည်သည် ကုန်ညံ့ ဖြစ်သည်ဟုသုံးသပ်နိုင်သည်။ Ey တန်ဖိုးသည် သုည (၀) ဖြစ်ပါက ဝင်ငွေပြောင်းလဲမှုသည် ဝယ်လိုအား အပေါ် အကျိုးသက်ရောက်မှုမရှိပါ။ ထို့ကြောင့် ကုန်စည်သည် မရှိမဖြစ်လိုအပ်သော ကုန်စည်၊ အခြေခံ ကုန်စည်ဖြစ်ကြောင်း သုံးသပ်ရမည်။
(၄) သာမန်ကုန်စည်ဖြစ်ပါက ဝင်ငွေ ၁ % (တက်)သွားလျှင် ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်း မည်မျှ (တက်)သွားသည်။ ကုန်ညံ့ဖြစ်ပါက ဝင်ငွေ ၁ % (တက်)သွားလျှင် ဝယ်ယူသောအရေအတွက် ရာခိုင်နှုန်းမည်မျှ(ကျဆင်း)သွားသည် စသဖြင့်သုံးသပ်ရမည်။
(င) ရောင်းလိုအား၏ ဈေးနှုန်းအလျော့အတင်း(Es)ကို သုံးသပ်ရာတွင်လည်း အချက် (၃)ချက် သုံးသပ်ရမည်။
(၁) ရောင်းလိုအား၏ ဈေးနှုန်းအလျော့အတင်း အနည်း/အများ ကိုသုံးသပ်ရမည်။ (Es သည် ၁ ထက် ကြီးပါက အလျော့အတင်းများသည်ဟုသုံးသပ်နိုင်သည်။ Es သည် ၁ ထက်ငယ်ပါက အလျော့အတင်းနည်း သည် ဟုသုံးသပ်နိုင်သည်။)
(၂) ရောင်းလိုအားအလျော့အတင်းတန်ဖိုးသည် အမြဲတမ်းအပေါင်းကိန်းဖြစ်ရသည့် အကြောင်းရင်း ကို သုံးသပ်ရမည်။ (ကုန်စည်၏ဈေးနှုန်းနှင့် ရောင်းချသောအရေအတွက် တိုက်ရိုက်ဆက်စပ်သဖြင့် Es တန်ဖိုးသည် အပေါင်းကိန်းဖြစ်သည်။)
(၃) ဈေးနှုန်း ၁ %(တက်ခြင်း/ကျခြင်း)ကြောင့် ရောင်းချသောအရေအတွက် (အတိုး/အလျော့)ရာခိုင်နှုန်းများကို သုံးသပ်ရမည်။
အလျော့အတင်းပုစ္ဆာများတွက်ရာတွင် သတိပြုရမည့်အချက်များမှာ ပုံသေနည်းကိုဖော်ပြရာတွင် မှားယွင်းမှုမရှိစေရန် ၊ ∆Q နှင့် ∆P တန်ဖိုးများကို မှားယွင်းထည့်သွင်းခြင်း ၊ ∆Q နှင့် ∆Y တန်ဖိုးများကို မှားယွင်းထည့်သွင်းခြင်းမရှိစေရန်နှင့် တွက်ချက်ရရှိသောအလျော့အတင်းတန်ဖိုးတွင်(%)မထည့်ရန်တို့ ဖြစ်ကြသည်။
အခန်း(၂) ‘ထုတ်လုပ်မှုသီအိုရီ’ အခန်းတွင် စုစုပေါင်းထုတ်ကုန်၊ ပျမ်းမျှထုတ်ကုန်နှင့် အစွန်းထွက် ထုတ်ကုန်ဆိုင်ရာမေးခွန်းမျိုးတွင် ပေးထားသော ကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ ထုတ်ကုန် များတွက်ချက်ပုံ၊ ထုတ်ကုန်မျဉ်းကွေးများရေးဆွဲပုံ၊ ထုတ်ကုန်မျဉ်းကွေးများ၏ ဆက်စပ်ပုံနှင့် ထုတ်လုပ်မှု အဆင့်များ ပိုင်းခြားသတ်မှတ်ပုံများကို သိရှိထားရန်လိုအပ်ပါသည်။ ဖြေဆိုရာတွင် ပုံသေနည်းကို ဦးစွာ ဖြေဆိုပြီးမှ ပေးထားသောကိန်းဂဏန်းအချက်အလက်များအရ တွက်ချက်ရရှိသည့် ထုတ်ကုန်အရေအတွက် များကို ဇယားတွင် ဖြည့်စွက်ဖြေဆိုရပါသည်။
မျဉ်းကွေးများရေးဆွဲထားသောပုံတွင် ထုတ်လုပ်မှုအဆင့်များ ပိုင်းခြားရာ၌ မူရင်းမှတ်မှ AP အမြင့်ဆုံး (သို့မဟုတ်) AP နှင့် MP မျဉ်းကွေးများ ဖြတ်သောအမှတ်ထိသည် အဆင့်(၁)ဟု ပိုင်းခြား သတ်မှတ်ရပါမည်။ TP အမြင့်ဆုံး (သို့မဟုတ်) MP= 0 ဖြစ်သောအမှတ်အထိ ထုတ်လုပ်မှုအဆင့်(၂) ဖြစ်ပြီး MP တန်ဖိုး အနုတ် (-)ဖြစ်သောအပိုင်းသည် ထုတ်လုပ်မှုအဆင့်(၃)ဟု သတ်မှတ်ရပါမည်။ ထုတ်လုပ်သူသည် အဆင့်(၂) အတွင်း ၌သာ ထုတ်လုပ်မှာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့် (၂)အတွင်း AP နှင့် MP နှစ်မျိုးလုံး အပေါင်း လက္ခဏာဖြစ်ပြီး အဆင့် (၂) ၏ အဆုံးအမှတ်သည် TP အမြင့်ဆုံးဖြစ်သော အမှတ်ဖြစ်ပါသည်။ ထို့ကြောင့် AP အမြင့်ဆုံးအမှတ်နှင့် MP သုည(၀)ဖြစ်သော အမှတ်ကြားရှိ အဆင့်(၂)တွင် လုပ်ငန်းလည်ပတ်ခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ လုပ်သားဦးရေ မည်မျှငှားရမ်းအသုံးပြုရမည်ကိုလည်း ဆုံးဖြတ်တတ်ရပါမည်။
လျော့နည်းသွားသော ပြန်ရချက်ဥပဒေသရဲ့သဘောကို သိရှိရပါမည်။ မည်သည့် ထုတ်ကုန်အပိုင်းက လျော့နည်းသွားသော ပြန်ရချက်ဥပဒေသကို ဖော်ပြနေသလဲ ဆိုတာကိုလည်း သိရှိရပါမည်။ ကျဆင်းနေ သော အစွန်းထွက်ထုတ်ကုန်အပိုင်းသည် လျော့နည်းသွားသောပြန်ရချက်ဥပဒေသကို ဖော်ပြနေပါသည်။ တွက်ချက်မှုအရ လုပ်သားဦးရေဘယ်လောက်မှာ MP စတင် ကျဆင်းသွားသည်ဆိုတာကို ကြည့်ရပါမည်။ ဥပမာ ဇယားမှ MP တန်ဖိုးများကိုကြည့်ရာတွင် လုပ်သားဦးရေ ၄ ဦးမှာ MP တန်ဖိုးက အများဆုံးဖြစ်နေ တယ်ဆိုပါစို့၊ လုပ်သား ၄ ဦးထက်ကျော်ပါက MP စတင်ကျဆင်းပါပြီ။ လုပ်သားဦးရေ ၄ ဦးမှာ MP အမြင့် ဆုံးဖြစ်နေပြီး၊ လုပ်သားဦးရေ ၄ ဦးထက်ကျော်၍ သုံးစွဲသောအခါ ကျဆင်းနေသော အစွန်းထွက်ထုတ်ကုန် အပိုင်းသည် လျော့နည်းသွားသော ပြန်ရချက်ဥပဒေသကို ဖော်ပြသည်ဟု သုံးသပ်နိုင်ပါသည်။
အခန်း(၃) ‘စရိတ်သီအိုရီ’ အခန်းတွင် စုစုပေါင်းစရိတ်၊ ပျမ်းမျှစရိတ်နှင့် အစွန်းထွက်စရိတ်ဆိုင်ရာ မေးခွန်းမျိုးတွင် ပေးထားသောကိန်းဂဏန်းအချက်အလက်များကို အသုံးပြု၍ စရိတ်အမျိုးမျိုး တွက်ချက်ပုံ၊ စရိတ်မျဉ်းကွေးများရေးဆွဲပုံနှင့် စရိတ်မျဉ်းကွေးများဆက်စပ်ပုံများကို လေ့လာသိရှိထားရန် လိုအပ်သည်။ တွက်ချက်ရာတွင် ပုံသေစရိတ်နှင့် စရိတ်ရှင်သဘောကိုလည်း သိရှိနားလည်ရန် လိုအပ်ပါသည်။ ဥပမာ မေးခွန်းတွင် ကုန်ထွက်အသီးသီးရှိ စုစုပေါင်းစရိတ်များကို ပေးထားပါက ကုန်ထွက်သုညရှိ စုစုပေါင်း စရိတ်သည် ပုံသေစရိတ်ဖြစ်ကြောင်း၊ ပုံသေစရိတ်သည် ကုန်ထွက်အဆင့်တိုင်းအတွက် အတူတူပင်ဖြစ် ကြောင်း စုစုပေါင်းစရိတ်မှ ပုံသေစရိတ်ကိုနုတ်ခြင်းဖြင့် စုစုပေါင်းစရိတ်ရှင်ကို ရရှိနိုင်ကြောင်းသိရှိရန်လိုသည်။ထို့အတူ စုစုပေါင်းစရိတ်မှ စုစုပေါင်းစရိတ်ရှင်ကို နုတ်ခြင်းဖြင့် စုစုပေါင်းပုံသေစရိတ်ကို ရရှိနိုင်ကြောင်းကို လည်း သိရှိထားရန်လိုအပ်သည်။ ဖြေဆိုရာတွင် ပုံသေနည်းကို ဦးစွာဖြေဆိုပြီးမှ ပေးထားသောကိန်းဂဏန်း အချက်အလက်များအရ တွက်ချက်ရရှိသော စရိတ်များကို ဇယားတွင်ဖြည့်စွက်ဖြေဆိုရပါမည်။
အခန်း(၇) ‘စီးပွားရေးတိုးတက်မှု’တွင် အမှန် GDP တန်ဖိုးများမှ စီးပွားရေးတိုးတက်မှုနှုန်း တွက်ချက်ပုံ နှင့် သုံးသပ်ပုံ၊ အချိန်ကာလတစ်ခုအတွက် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်း တွက်ချက်ပုံနှင့် သုံးသပ်ပုံ၊ GDP ကျုံ့ကိန်းတွက်ချက်ပုံ၊ GDP ကျုံ့ကိန်းမှ ဈေးဆနှုန်းကိန်းတွက်ချက်ပုံ၊ GDP ဈေးဆနှုန်းကိန်းမှ ငွေဖောင်းပွမှုနှုန်းတွက်ချက်ပုံနှင့် သုံးသပ်ပုံများကို လေ့လာထားရန်လိုအပ်သည်။ တွက်ချက်ရာတွင် အသုံး ပြုသောပုံသေနည်းများကို ဦးစွာဖော်ပြရမည်။
စီးပွားရေးတိုးတက်မှုနှုန်းကို တွက်ချက်သုံးသပ်ရာတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်များတွင် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းထက်မြင့်မားသည်၊ စီးပွားရေးတိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်များတွင် ပျမ်းမျှစီးပွားရေးတိုးတက်မှုနှုန်းထက်နိမ့်သည် စသည်ဖြင့်သုံးသပ်နိုင်သည်။ အချို့နှစ်များတွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ဆက်တိုက်တိုးတက်ခြင်းရှိပါက စီးပွားရေး တိုးတက်မှုနှုန်းသည် မည်သည့် ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက်တိုးတက်နေသည်ကို သုံးသပ်နိုင်သည်။ အချို့နှစ်များတွင် စီးပွားရေး တိုးတက်မှုနှုန်းသည် ဆက်တိုက်ကျဆင်းနေပါက မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက်ကျဆင်း နေသည် စသည်ဖြင့်သုံးသပ်နိုင်သည်။ စီးပွားရေးတိုးတက်မှုနှုန်းသည် အတက်အကျရှိနေပါက သုံးသပ်ရာ တွင်မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကျဆင်းပြီး မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်တိုးတက်လာသည်။ မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းတိုးနေပြီး မည်သည့်ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ပြန်လည်ကျဆင်းသွားသည် စသည်ဖြင့် သုံးသပ်နိုင်သည်။ သတိပြုရန်အချက်မှာ တွက်ချက်ရရှိသော စီးပွားရေးတိုးတက်မှုနှုန်းသည် အနုတ်လက္ခဏာဖြစ်ပါက ထိုနှစ်တွင် စီးပွားရေး တိုးတက်မှုမရှိဘဲ စီးပွားရေးဆုတ်ယုတ်ကျဆင်းသည်ဟု သုံးသပ်နိုင်သည်။
ငွေဖောင်းပွမှုနှုန်းကို တွက်ချက်ရာတွင် တွက်ချက်လိုသောလက်ရှိနှစ်နှင့် နှိုင်းယှဉ်လိုသည့် လွန်ခဲ့သော နှစ်အကြား ငွေဖောင်းပွမှုနှုန်းကို တွက်ချက်ခြင်းဖြစ်သည်။


နှစ်အလိုက် ငွေဖောင်းပွမှုနှုန်း အတက်အကျဖြစ်ပုံအနေဖြင့်သုံးသပ်ရာတွင် ငွေဖောင်းပွမှုနှုန်းသည် မည်သည့်ခုနှစ်တွင် မြင့်တက်ပြီး မည်သည့်ခုနှစ်တွင် ကျဆင်းသွားသည်၊ ငွေဖောင်းပွမှုနှုန်းသည် မည်သည့် နှစ်တွင် အနိမ့်ဆုံးဖြစ်ပြီး / မည်သည့်နှစ်တွင် အမြင့်ဆုံးဖြစ်သည် စသည်ဖြင့် သုံးသပ်ဖြေဆိုနိုင်ပါသည်။ ငွေဖောင်းပွမှုနှုန်းသည် ဆက်တိုက်မြင့်တက်နေပါက ငွေဖောင်းပွမှုနှုန်းသည် မည်သည့်ခုနှစ်မှ မည်သည့် ခုနှစ်အထိ ဆက်တိုက်မြင့်တက်နေသည်ဟု သုံးသပ်နိုင်သည်။ ငွေဖောင်းပွမှုနှုန်းသည် ဆက်တိုက်ကျဆင်းနေပါက မည်သည့်ခုနှစ်မှ မည်သည့်ခုနှစ်အထိ ဆက်တိုက် ကျဆင်းနေသည်ဟု သုံးသပ်နိုင်သည်။
ငွေဖောင်းပွမှုနှုန်းကိုတွက်ချက်သုံးသပ်ရာတွင်သတိပြုရန်အချက်များမှာ GDP ကျုံ့ကိန်းကို တွက်ချက် ရာတွင် ဒသမ (၃ နေရာ)အထိ ယူရမည်။ GDP ဈေးဆနှုန်းကိန်းကို ဒသမ (၁ နေရာ) အထိယူရမည်။ ငွေဖောင်းပွမှုနှုန်းကိုလည်း ဒသမ (၁ နေရာ) အထိယူရမည်။
မေးခွန်းနံပါတ်(၅)ကိုဖြေဆိုရာတွင် သတိပြုရမည့်အချက်များမှာ မေးခွန်းတွင်ဖော်ပြပါရှိသော ကိန်းဂဏန်းများကို အဖြေလွှာပေါ်သို့ပြန်လည် ကူးယူရာတွင် မှားယွင်းမှုမရှိစေရန်နှင့် Calculator ကို အသုံးပြုတွက်ချက်ရာတွင် ရရှိသောအဖြေကို နောက်ထပ်တစ်ကြိမ် ပြန်လည်စစ်ဆေးခြင်းပြုလုပ်ရန်တို့ ဖြစ်ပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲဘောဂဗေဒဘာသာရပ် မေးခွန်းလွှာသည် သင်ခန်းစာများအား နှံ့စပ်စွာ နားလည်တတ်မြောက်စေမှုကို ရည်ရွယ်ခြင်းဖြစ်ရာ သင်ခန်းစာများအား နှံ့စပ်စွာလေ့လာထားရန်လိုအပ် ပါသည်။ ဓမ္မဓိဋ္ဌာန်မေးခွန်းနှင့် တွက်ချက်သုံးသပ်မှု မေးခွန်းများအတွက်ပေးမှတ်မှာ (၅၀)မှတ်ဖြစ်သဖြင့် ယင်းမေးခွန်းများကို ဖြေဆိုနိုင်ပါက အောင်မှတ်ရရှိနိုင်သော်လည်း အခန်းရွေးချယ်၍ အလွတ်ကျက်မှတ် ဖြေဆိုခြင်းဖြင့် ဂုဏ်ထူးမှတ်ရရှိရန် လွယ်ကူမည်မဟုတ်ကြောင်း သတိပြုစေလိုပါသည်။
ဖြေဆိုသူ ကျောင်းသား ကျောင်းသူများအားလုံး ထူးချွန်စွာအောင်မြင်ပါစေဟု ဆန္ဒပြုလိုက်ပါသည်။
ဒေါက်တာစုစုမြတ်၊ ပါမောက္ခ(ဌာနမှူး) အသုံးချဘောဂဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်
