ကျန်းမာရေးတွင် ကြိုတင်ကာကွယ်နိုင်ခြင်းမှာ အကောင်းဆုံး
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ မတ် ၁၆ ရက်)
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များ ခိုင်မာလာစေရန် ဦးတည်ချက်များ ချမှတ်ဖော်ဆောင်လျက်ရှိရာတွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ကို ထည့်သွင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ပေးလျက်ရှိသည်။
လူ့ဘဝတွင် “ကျန်းမာမှပညာသင်နိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်”ဖြစ်သည့်အတွက် ကျန်းမာရေးသည် ဘဝရှင်သန်ရေးနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ပင်ဖြစ်သည်။ ပြည်သူများကျန်းမာသန်စွမ်းရှိကြမှသာ နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား လူမှုတည်ငြိမ်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များ၏ တိုးတက်ရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများသက်တမ်းစေ့နေနိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေးနှင့် ကျန်းမာကြံ့ခိုင်ရေးတို့ကို ရည်မှန်းချက်ထားပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
လက်ရှိ နိုင်ငံတော်အစိုးရ တာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း ကျန်းမာရေးကဏ္ဍတွင် ကြီးမားသည့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း အောင်မြင်စွာဖြတ်သန်းနိုင်ခဲ့ကြသည်။ ပထမတစ်နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ”ဆိုသည့် မူဝါဒဖြင့် အစိုးရ၊ ဝန်ထမ်းများနှင့်ပြည်သူများစုပေါင်းအားဖြင့် အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ် ရာဂိမုန်တိုင်းနှင့် ၂၀၂၅ ခုနှစ်မန္တလေးငလျင် စသည့်သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရချိန်တွင်လည်း ကျန်းမာရေးဝန်ထမ်းများသည် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တက်ညီလက်ညီဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကျန်းမာရေးပြဿနာများဖြစ်ပွားခြင်း မရှိခဲ့သဖြင့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းမှုအနေဖြင့်လည်း ငါးနှစ်အတွင်း ပြည်သူ့ဆေးရုံပေါင်း ၂၅ ရုံကိုအဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီး မြို့ပြနှင့်ကျေးလက် ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်မရှိစေရန်၊ တန်းတူညီမျှရရှိစေရန်အတွက် ကျေးလက်ဒေသများတွင် ၁၆ ခုတင်ဆံ့ ဆေးရုံ ၁၂ ရုံကိုအသစ် တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဆေးရုံများတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးမြင့် အဆောက်အအုံကောင်းများကို တည်ဆောက်ပေးခဲ့ရာတွင် ငါးနှစ်အတွင်း ဆေးရုံအဆောက်အအုံသစ် ၄၁ ခုနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း တည်ဆောက်ပေးနိုင်ခဲ့သည်။
ကျန်းမာရေးကဏ္ဍ အဆင့်မြှင့်တင်ရာတွင် ကျွမ်းကျင်သောကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆိုသည့်ပန်းတိုင်ကိုပြည့်မီစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဆိုသည့် မူဝါဒချမှတ်ပြီး ငါးနှစ်တာကာလအတွင်း ပြည်သူ့ဆေးရုံတိုင်းအတွက် သစ်လွင်ဆရာဝန် ၂၆၄၉ ဦးအပါအဝင် သွားနှင့်ခံတွင်းဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင်ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများကိုလည်း ခန့်အပ်ပေးနိုင်ခဲ့သည်။
ထို့ပြင် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ပြည်တွင်းပြည်ပဘွဲ့လွန်သင်တန်းများ တက်ရောက်ခွင့်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ သူနာပြုများ၏ ရာထူးအဆင့်မြှင့်တင်ခြင်းနှင့် သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်ကကျင်းပသည့် အမျိုးသား ကင်ဆာကုသရေးဗဟိုဌာနဖွင့်ပွဲ အခမ်းအနား၌ အမှာစကားပြောကြားစဉ် “အထူးမှာကြားလိုသည်မှာ ရှိနေသည့်စက်ပစ္စည်းများ မည်မျှပင်ခေတ်မီ ကောင်းမွန်နေပါစေ ကိုင်တွယ်အသုံးပြုသည့်လူသား အရင်းအမြစ်များ၏ ကျွမ်းကျင်မှုနှင့် စေတနာသည်သာလျှင် ကုသမှုအောင်မြင်ရန်အတွက် အရေးကြီး ဆုံးအကြောင်းအရာဖြစ်ကြောင်း၊ ကင်ဆာဝေဒနာရှင်များသည် မိမိတို့ခံစားနေရသည့်ဝေဒနာနှင့် ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရရှိနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများတွင်ရှိပြီး ဖြစ်သည့် “စေတနာ၊ ဝါသနာ၊ အနစ်နာ” ဆိုသည့် နာသုံးနာကိုအရင်းခံပြီး လူနာများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် မေတ္တာထားပြီး နွေးထွေးကြင်နာစွာ ပြုစုစောင့်ရှောက်ပေးကြရန် အလေးအနက် မှာကြားလိုကြောင်း”ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ရောဂါဖြစ်မှကုသခြင်းထက် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်” ဆိုသည့်အတိုင်း ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်မှုပုံစံများရှိစေရန်၊ ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်း လျှော့ချရန်နှင့် ရောဂါဖြစ်ပွားသည်ကို စောစီးစွာသိရှိကုသမှု ခံယူနိုင်ရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
