လူငယ်တိုင်း စွမ်းရည်မြင့်မား တိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မတ် ၂၅  ရက်)

 

     နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင်သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍ ရနိုင်မည်မဟုတ်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ်ကျွမ်းကျင် တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ အသိပညာကိုအခြေခံပြီး လက်တွေ့နယ်ပယ်တွင်  အတတ်ပညာရှင်များအဖြစ် အများအကျိုးကို ဖော်ဆောင်ပေးနိုင်အောင် လူငယ်တိုင်းက ကြိုးစားကြရမည်ဖြစ်သည်။ အသိပညာနှင့် အတတ်ပညာအတွက် အကောင်းဆုံးမိတ်ဆွေမှာစာကောင်းပေကောင်းများ လေ့လာဖတ်ရှုခြင်းဖြစ်သည်။    အလိမ္မာစာမှာ ရှိသည်ဆိုသည့်အတိုင်း မိမိဘဝအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိသည့်စာပေများကို ဖတ်မှတ်ကျင့်ကြံကြရမည်ဖြစ်သည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင်အတတ်သင်တတ်ကြသည်။ အရာရာကိုစူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာကောင်းသည့် ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်း လျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မိမိဘဝ၏ အနာဂတ်ခရီးမှာ ဖြောင့်တန်းသာယာခြင်း ရှိတော့မည်မဟုတ်ပေ။ လက်တွေ့မြင်သာသော  ကွမ်းယာ၊ ဆေးလိပ်၊ အရက်မှသည် မူးယစ်ထုံထိုင်း ဘေးဖြစ်တတ်သော ဆေးဝါးများကိုစူးစမ်း သုံးစွဲမိပါက  စိတ်တွင်စွဲလမ်းကာ နောက်ဆုံးတွင် တန်ဖိုးမဲ့သော လူငယ်များ ဖြစ်သွားပေလိမ့်မည်။ ထို့အတူ  အပေါင်းအသင်းသူငယ်ချင်းတို့ကို ပေါင်းသင်းရာတွင် ကြည့်တတ်၊ မြင်တတ်၊ ပေါင်းတတ်ရမည်ဖြစ်သည်။ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်တတ်သကဲ့သို့  အပေါင်းအသင်းကြောင့်လည်း ဂုဏ်မြင့်တတ်ကြပေရာ မိမိကောင်းကျိုးရှိစေမည့် အပေါင်းအသင်းမျိုးကို ပေါင်းသင်းသင့်လှသည်။

ယခုရက်များအတွင်း လမ်းမှားသို့ရောက်ရှိသွားကြသော လူငယ်မောင်မယ်များသည် မိမိတို့၏ အမှားများကိုသိမြင်ပြီး ဥပဒေဘောင်အတွင်းသို့ တဖွဲဖွဲဝင်ရောက်လာလျက်ရှိသည်။ ဝင်ရောက်လာသူများကို နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နွေးထွေးလှိုက်လှဲစွာကြိုဆိုပြီး ဆုငွေများချီးမြှင့်ခြင်း၊ လက်နက်ခဲယမ်း များအတွက်   ဂုဏ်ပြုငွေပေးအပ်ခြင်းတို့ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများထံ  စနစ်တကျပြန်လည် လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။ ဥပဒေဘောင်အတွင်း ဝင်လာသူများ၏  ရင်တွင်းစကားသံများတွင် ကြားသိရသည်မှာလည်း မိမိတို့၏သူငယ်ချင်းများက လိမ်လည်လှည့်ဖြားခေါ်ဆောင်မှုကြောင့်  လမ်းမှားရောက်သွားသူများ ပါဝင်လျက်ရှိသည်။

လူငယ်ဆိုသည်မှာ နောင်တစ်ခေတ်တွင်   နိုင်ငံတော်၏အနာဂတ်ကိုပြုပြင် ဖန်တီးတည်ဆောက်ကြရမည့်သူများဖြစ်ကြသည်။ လူငယ်များအနေဖြင့် ပထမဆုံးသော သတိပြုရမည့်အချက်မှာ မိမိဘဝတိုးတက်ရေး ဖြစ်သည်။ မိမိဘဝတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည်မှာ ကျောင်းနေပျော်၍ စာတော်ရန် ကြိုးစားရေးသာဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးနှင့်ပတ်သက်၍  အထူးအလေးထား ဆောင်ရွက်လျက်ရှိရာ  မိမိတို့ကြိုးစားလျှင် ကြိုးစားသလောက်   မိမိတို့ဘဝခရီးကို  အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြမည်ဖြစ်သည်။ ပညာရေးနှင့်ပတ်သက်လာလျှင် ဘက်စုံပညာရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် မိမိတို့ဝါသနာနှင့် နီးစပ်သည့်ပညာရပ်ကို ရွေးချယ်သင်ယူနိုင်ကြသည်။

ဘက်စုံပညာရေးစနစ်သည် လူငယ်များဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင် ပေးနေသည့်စနစ်ဖြစ်သည်။ ပညာဆိုသည်မှာ  ဘောင်အကန့်အသတ်မရှိ  နက်ရှိုင်းကျယ်ပြန့်လှသည်။ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း   မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင်တော်နေ၊ တတ်နေ၊ သိနေဖို့လိုပေသည်။ မိမိ၏ကာယအား၊ ဉာဏစွမ်းအားပေါ်မူတည်ပြီး ထူးချွန် ထက်မြက်မည်သာဖြစ်သည်။ လူငယ်များကို   ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်အောင် မြှင့်တင်ပေးလျက်ရှိသည့်အတွက် လူငယ်များကိုယ်တိုင်က မိမိအနာဂတ်ကို ကြိုတင်မျှော်မှန်း၍ကြိုးစား သင်ယူနေကြရမည်ဖြစ်သည်။ ပညာအရည်အချင်း တူညီလျှင်သော်လည်း စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသူက အမြဲသာလွန်နေမည်ဖြစ်သည်။ ထို့ကြောင့် စာကောင်းပေကောင်းများကို ဖတ်ရှုရန်တိုက်တွန်းခြင်းဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် မိမိနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်  ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိကြသည်။  နိုင်ငံတစ်နိုင်ငံတွင်   သဘာဝသယံဇာတများ မည်မျှပင် ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်မရှိလျှင်  သို့မဟုတ် နည်းပါးနေလျှင်  အဆိုပါနိုင်ငံသည်   ဖွံ့ဖြိုး တိုးတက်မှုနှင့် အလှမ်းဝေးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည်   ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ တက်လှမ်းနိုင်ရေး  ကြိုးပမ်းရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံး   အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးကိုရှေးရှုကြိုးပမ်း ဆောင်ရွက်လျက်ရှိပေရာ လူငယ်များအနေဖြင့်  မိမိကိုယ်ကိုမိမိ စွမ်းရည်မြင့်မားအောင်  ကြိုးစားဖြည့်ဆည်းကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။

MWD

Subject-Image

  • လူငယ်တိုင်း စွမ်းရည်မြင့်မား တိုးတက်ရေး

Posted-Date