ရတနာမိုးသွန်းဖြိုးမည် တို့မြန်မာပြည်

       မြန်မာနိုင်ငံသည် ရေမြေတောတောင် သဘာဝရှုခင်းများနှင့် လွန်စွာသာယာ လှပသည့်နိုင်ငံဖြစ်သည်။ 

မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတများ ပေါကြွယ်ဝသည့်နိုင်ငံလည်းဖြစ်သည်။  လောကီရတနာများပေါကြွယ်ဝသကဲ့သို့ လောကုတ္တရာရတနာများလည်း ရှိသည့်နိုင်ငံဖြစ်သည်။ လောကုတ္တရာရတနာဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်သော ဘုရားရတနာ၊ တရားရတနာနှင့် သံဃာရတနာတို့ဖြစ်သည်။

ဗုဒ္ဓဘာသာသက်ဝင် ယုံကြည်ကိုးကွယ်မှု အများဆုံးနိုင်ငံဖြစ်သည့်အတွက် စိတ်ကောင်းနှလုံးကောင်းနှင့် ဘာသာတရား အဆုံးအမများနှင့်အတူ အလှူဒါနပေးလှူခြင်းကိုလည်း မြတ်မြတ်နိုးနိုးရှိကြသည်။

ရတနာမြတ်သုံးပါးကို ရိုသေလေးစားစွာ ယုံကြည်စွာကိုးကွယ်ဆည်းကပ်မှုကြောင့်လည်း လောကီ ရတနာသည်လည်း သူ့ခေတ်သူ့အခါအလျောက် ပေါ်ထွန်းလျက်ရှိသည်။ ရတနာရှိရာ ရတနာစုသည် ဆိုသကဲ့သို့ ရတနာများ ပေါ်ထွန်းလျက်ရှိသည်။ စေတနာကောင်းလျှင် ကံကောင်းသည်ဆိုစကားအတိုင်းနိုင်ငံတော် အုပ်ချုပ်သူတို့သည် နိုင်ငံတော်နှင့်ပြည်သူများအပေါ် မေတ္တာ၊ စေတနာ၊ ကရုဏာပြည့်ဝစွာဖြင့် အုပ်ချုပ်လျက်ရှိခြင်းမှာလည်း ရတနာများပေါ်ထွန်းလာခြင်းအကြောင်းတစ်ရပ်၌ ပါဝင်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကျင်းပပြီး ပြည်သူများ၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခဲ့သည့် ဒီမိုကရေစီအစိုးရ အဖွဲ့ တာဝန်ယူပြီးနောက် မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် မြန်မာနှစ်သစ်ကူးကာလ လွန်မြောက်သော အချိန်အခါသမယတွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ရတနာမြေမှ ထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် ပတ္တမြားတစ်ပွင့်ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါပတ္တမြားကြီးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးတို့နှင့်အတူ ၂၀၂၆ ခုနှစ် မေလ ၇ ရက်နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ ကြည့်ရှုစစ်ဆေးခဲ့သည်။

 ယခုရှာဖွေတွေ့ရှိခဲ့သော ပတ္တမြားသည် အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိသဖြင့် အရွယ် အစားကြီးမားသောကြောင့် ရှာဖွေတွေ့ရှိရန်ခက်ခဲပြီး ရှားပါးသည်။ ပတ္တမြားကြီးအနေဖြင့် ခရမ်းရောင်သမ်းသော အနီရောင်တွင် အဝါရိပ်ဖောက်သော အရောင်ရှိပြီး အရောင်အဆင့်အတန်းအားဖြင့် ကောင်းမွန်လှသည်။ အလင်းပေါက်အား သင့်တင့်ပြီး ဖန်ရောင်လက်ကောင်းမွန်ကာ ပြုပြင်ထားခြင်း မရှိသော သဘာဝအတိုင်းရှိသည့် ပတ္တမြားကြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခင်ကရှားပါးပြီး တန်ဖိုးရှိသည့် ၁၉၉၀ ပြည့်နှစ်တွင်ရရှိခဲ့သောအလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတပတ္တမြား၊ ၁၉၉၆ ခုနှစ်တွင်ရရှိခဲ့သော အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်)ရှိ ပတ္တမြားနှင့် ၂၀၂၂ ခုနှစ်တွင်ရရှိခဲ့သော အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်)ရှိ နစကပတ္တမြားတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်သည်။ ယခုပတ္တမြားအပါအဝင် ပတ္တမြား ၄ ပွင့်လုံးသည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသမှထွက်ရှိပြီး သက်ဆိုင်ရာပတ္တမြားတစ်ပွင့်ချင်းအလိုက် ဂုဏ်သတ္တိထူးခြားချက်များရှိသောကြောင့် အလွန်တန်ဖိုးရှိသည့် ပတ္တမြားများဖြစ်ကြသည်။ ၁၉၉၆ ခုနှစ်ကရရှိခဲ့သောပတ္တမြားသည် အလေးချိန်အားဖြင့် အများဆုံးဖြစ်သော်လည်း အရောင်နှင့်အရည်အသွေး နှိုင်းယှဉ်ပါက ယခုနောက်ဆုံးတွေ့ရှိခဲ့သော ပတ္တမြားသည် အရောင်နှင့်အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် တန်ဖိုးပိုမိုမြင့်မားလှသည်။

ပတ္တမြားဆိုသည်မှာ နီလာ စိန်ကြောင်၊ ထိန်ပြောင် ပတ္တမြား၊ မြသားဂေါ်မုတ်၊ ဥဿဖရား သန္တာ၊ ရတနာပုလဲ၊ ထူးကဲလွန်မြတ်၊ နဝရတ်ကိုးပါး  တွင်ပါဝင်သောရတနာဖြစ်သည်။ ပတ္တမြား ဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကဲချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖရား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲ ကျက်သရေ၊ ကွန့်ကွန့်ဝေသည် ကိုးထွေနဝရတ်စွမ်းရည်တည်းဟူ၍ စာဆိုရှိသည်။ ကမ္ဘာတွင် ပတ္တမြားထွက်ရှိသောနိုင်ငံများအနက် မြန်မာနိုင်ငံ မိုးကုတ်ဒေသမှထွက်ရှိသည့် မြန်မာ့ပတ္တမြားမှာ အရည်အသွေးအကောင်းဆုံးဖြစ်ပြီး ရှေးခေတ်မှယနေ့ခေတ်ကာလတိုင် ပြိုင်ဘက် မပေါ်သေးဘဲ ထိပ်ဆုံးနေရာတွင်ရပ်တည်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် မိမိတို့၏တိုင်းရင်းသားပြည်သူညီအစ်ကိုမောင်နှမများ တိုးတက်ကောင်းစားရေးကိုရှေးရှုဆောင်ရွက်သည့် တိုင်းပြည်ခေါင်းဆောင်များ ပေါ်ထွက်လာတိုင်း ရတနာတို့ ပေါ်ထွက်လာလေ့ရှိသည်။   ပတ္တမြားပိုင်ဆိုင်သူသည်  ပတ္တမြားဘုန်းတောက်စာဆိုနှင့်အညီ ဘုန်းတန်ခိုးကြီးမားခြင်းနှင့် အများချစ်ခင် လေးစားခြင်းခံရမည့်အပြင် ရန်သူမျိုးငါးပါး နှောင့်ယှက်ဖျက်ဆီးခြင်း ဘေးအန္တရာယ်အပေါင်းတို့မှလည်း ကာကွယ်ပေးနိုင်သည်။ ယခုပေါ်ထွန်းလာသည့် ပတ္တမြားသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အောင်အတိတ်၊ အောင်နိမိတ်များနှင့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တော့မည့် အသွင်လက္ခဏာဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံသည် ခေါင်းဆောင်ကောင်းပေါ်ထွန်းလာခြင်းနှင့်အတူ ရတနာအဖြာဖြာတို့ ကောင်းမြတ်စုဝေးနေခြင်းဖြစ်ပေရာ ရတနာမိုးသွန်းဖြိုးမည် တို့မြန်မာပြည်အဖြစ် ဂုဏ်တင့်တယ်နေပါကြောင်း ရေးသားလိုက်ရပေသည်။   ။

MWD

အယ်ဒီတာ့အာဘော်

(၂ဝ၂၆  ခုနှစ်၊ မေ ၉  ရက်)

Subject-Image

  • ရတနာမိုးသွန်းဖြိုးမည် တို့မြန်မာပြည်

Posted-Date