စာမေးပွဲကျရှုံးသော်လည်း ထပ်မံကြိုးစား မုချအောင်မြင်မည်
Posted_Date
Image
Body
ဇူလိုင်လ ၂၇ ရက်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေညာခဲ့သည်။ ကျောင်းသားမိဘများသည် အောင်စာရင်း ထုတ်ပြန်မည့်ရက်ကို လက်ချိုးရေတွက်ခဲ့ရသည်။
ဇူလိုင်လ ၂၆ ရက် ညပိုင်းကတည်းက ကျောင်းသားမိဘများနှင့် ကလေးများကောင်းကောင်းမအိပ်နိုင်ဘဲ အောင်စာရင်းအတွက် ရင်ခုန်နေကြသည်။ ထို့နောက် ဇူလိုင်လ ၂၇ ရက် နံနက်စောစောတွင် မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ဝမ်းသာ၊ ဝမ်းနည်းဖြစ်ခဲ့ရသည်။ စာမေးပွဲအောင်မြင်သူများသည် ပျော်လို့မဆုံးဖြစ်နေကြသည်။ ဂုဏ်ထူးများစွာနှင့်အောင်မြင်သောကလေးများသည် အတိုင်းထက်အလွန်ပင်ဖြစ်သည်။
အထူးသဖြင့် မိဘများသည် ပို၍ပင်ပျော်ရွှင်နေကြသည်။ သူတို့၏အပျော်များသည် ပတ်ဝန်းကျင်ရှိ မိတ်ဆွေများနှင့်သူငယ်ချင်းများကို ဝမ်းသာပီတိဖြစ်စေသည်။ စာမေးပွဲကျရှုံးသည့် ကလေးများသည် ဝမ်းနည်းပက်လက်ငိုကြွေးနေကြသည်။ တချို့သော မိဘများသည် မစားနိုင်မသောက်နိုင်ပင်ဖြစ်နေကြသည်။ စိတ်မကောင်းစရာပင်ဖြစ်သည်။
အောင်ချက်ရာခိုင်နှုန်း
၂ဝ၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ နိုင်ငံခြားစာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၇၈၉၈ ဦးဖြေဆိုခဲ့ရာ ၉၉၉၂၄ ဦးအောင်မြင်ခဲ့သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၆ ရာခိုင်နှုန်းရှိခဲ့သည်။ ဆိုရလျှင် စာမေးပွဲဖြေဆိုသူ နှစ်ဦးလျှင် တစ်ဦးနီးပါးခန့် အောင်မြင်ခဲ့ခြင်းဖြစ်သည်။
မွန်ပြည်နယ် စာစစ်ဌာနသည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် အောင်ချက်အမြင့်မားဆုံးဖြစ်သည်။ ခြွင်းချက်အနေဖြင့် နိုင်ငံခြားစာစစ်ဌာနသည် အောင်ချက် ၉၅ ရာခိုင်နှုန်းရှိသည်။
မုဒိတာပွားမိ
စာမေးပွဲအောင်စာရင်းသည် ကျောင်းသားတစ်ဦး၊ တစ်ယောက်ချင်းစီ၏ တစ်နှစ်တာကာလအတွင်း ကြိုးပမ်းအားထုတ်ခဲ့မှုများကို မှတ်ကျောက်တင်ပေးခြင်းဖြစ်သည်။ အောင်စာရင်းတွင် ဂုဏ်ထူး ရရှိသည့်ဘာသာရပ်များကို ဖော်ပြထားလေ့ရှိသည်။ ထို့ကြောင့် ဂုဏ်ထူးဖြင့်အောင်မြင်သည့်ကလေးများသည် ပို၍ပျော်ရွှင်ကြမည်ဖြစ်သည်။ အထူးသဖြင့် တစ်နိုင်ငံလုံးတွင် အဆင့် ၁ဝ အတွင်းဝင်သည့် ကျောင်းသား၊ ကျောင်းသူများသည် သူတို့၏ကြိုးပမ်းမှုရလဒ်အတွက် ကျေနပ်နေလိမ့်မည်ဖြစ်သည်။ မိဘများသည် သားသမီးများအတွက် ဂုဏ်ယူဝင့်ကြွားပျော်လို့မဆုံး တပြုံးပြုံးဖြစ်နေကြမည်။ မိဘချင်း ကိုယ်ချင်းစာမိသည်။ ထိုအောင်မြင်မှုများကိုလည်း လှိုက်လှိုက်လှဲလှဲမုဒိတာပွားမိသည်။ မည်သို့ပင်ဆိုစေကာမူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသည့် ကျောင်းသား၊ ကျောင်းသူအားလုံးအတွက် များစွာဂုဏ်ယူမိသည်။
ကိုယ်တွေ့ကြုံခဲ့ရ
တက္ကသိုလ်ဝင်စာမေးပွဲသည် လက်ရေးလက်သား အပါအဝင် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သပ်သပ်ရပ်ရပ် စနစ်တကျဖြေဆိုနိုင်မှသာလျှင် မျှော်မှန်းသလောက် ရလဒ်ထွက်ရှိမည်ဖြစ်သည်။ တချို့သောကလေးများသည် အားလုံးဖြေဆိုခဲ့သော်လည်း အဖြေလွှာကို ပြန်လည်စစ်ဆေးခြင်းမရှိသဖြင့် မျှော်မှန်းမထားသော စာလုံးပေါင်းသတ်ပုံအမှားအယွင်းများပါသွားနိုင်ပေသည်။
စာရေးသူတို့လည်း ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း မထုတ်ပြန်ခင်က အောင်စာရင်းကို ရင်တမမဖြင့် မျှော်လင့်ခဲ့ရသည်။ ထိုစဉ်က သမီးကြီးသည် ဂုဏ်ထူးငါးဘာသာခန့်မျှော်မှန်းထားသော်လည်း အောင်စာရင်း ထွက်သည့်အချိန်တွင် သုံးဘာသာပါရှိခဲ့သဖြင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော် အမှတ်စာရင်းထွက်သည့်အချိန်တွင် အမှတ်ကောင်းသဖြင့် စိတ်ဖြေဆည်ရာရရှိခဲ့သည်။ သမီးကြီးသည် စာမေးပွဲဖြေဆိုရာတွင် စိတ်လောလေ့ရှိသဖြင့် စိတ်အေးအေးထား၍ဖြေဆိုဖို့ရန် အမြဲတမ်းသတိပေးခဲ့ရသည်။
စာမေးပွဲအောင်စာရင်းတွင် ပါမလာသော်လည်း စာမေးပွဲဖြေဆိုခါနီးအချိန်တွင် ကျန်းမာရေးနှင့် အခြားလူမှုရေး အခက်အခဲတစ်ခုခုကြောင့် ခြေချော်လက်ချော်ဖြစ်သွားနိုင်သည်။
ထိုကလေးများအနေဖြင့် လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ရပ်ကို ဖန်တီးလာသည်ဟု သဘောထားရမည်ဖြစ်သည်။ အရာရာတိုင်းကို ပုံသေကားကျတွက်၍ စိတ်ဓာတ်ကျဆင်းနေရန် မလိုပေ။ အနာဂတ်တွင်ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ တွေ့ရှိလာနိုင်သည်။ ဘဝကို အပြုသဘောဆောင်စွာ ရှုမြင်ထားသင့်သည်။ စာမေးပွဲတစ်ခါကျရှုံးခြင်းသည် ဘဝတစ်ခုလုံးအတွက် ဆုံးရှုံးမှုကြီးမဟုတ်ပေ။ လာမည့်ပညာသင်နှစ်တွင် နှစ်စကတည်းက ဖိဖိစီးစီးသာ ကြိုးစားသွားမည်ဆိုလျှင် ဂုဏ်ထူးများစွာဖြင့်ပင် အောင်မြင်နိုင်မည့်အခွင့်အလမ်းရှိနေပါသေးသည်။ အောင်စာရင်းတွင် ပါရှိမလာသော်လည်း စိတ်ဓာတ်ကျနေစရာမလိုပေ။ ကျရှုံးသော်လည်း ထပ်မံကြိုးစားပါက အောင်မြင်မှုအတွက် အခွင့်အလမ်းများစွာရှိနေပြီး မုချအောင်မြင်နိုင်မည်ဖြစ်သည်။
ဆန္ဒသာရှိမည်ဆိုလျှင်
လက်ရှိစာမေးပွဲကျရှုံးမှုကို ဘဝအတွက် သင်ခန်းစာအဖြစ် သဘောထား သွားရမည်ဖြစ်သည်။ အောင်စာရင်းတွင် ပါလာခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူတစ်ဦးအနေဖြင့် ပထမဆုံးဆောင်ရွက် ရမည့်အလုပ်သည် လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့မှုများကို ပြန်လည်သုံးသပ်သွားရန်လိုအပ်သည်။ ပထမဆုံးအချက်မှာ မိမိဖြေဆိုခဲ့သော အမှတ်စာရင်းတောင်းကြည့်ရမည်ဖြစ်သည်။ အမှတ်စာရင်းတွင် အားနည်းချက်ရှိသော ဘာသာရပ်များကို ယခုနှစ်တွင် ပိုမိုလေ့ကျင့် ကျက်မှတ်သွားရန် လိုအပ်သည်။ အားသာချက်ရှိပြီးသော ဘာသာရပ်များကို ဆက်လက်လေ့ကျင့် ကျက်မှတ်လိုက်မည်ဆိုလျှင် သေချာပေါက် ဂုဏ်ထူးထွက်မည်ဖြစ်သည်။ မည်သည့်အရာတွင်မဆို အောင်မြင်လိုသည့်ဆန္ဒသာ အမှန်တကယ်ရှိနေမည်ဆိုလျှင် တစ်နေ့တွင် ထိုက်တန်သောအောင်မြင်မှုကို ဧကန်မုချရရှိသွားမည်ဖြစ်သည်။
နေထိုင်မှုပုံစံပြောင်းရန်လို
လက်ရှိအချိန်တွင် စမတ်ဖုန်းများသည် လူငယ်များ၏ နေ့စဉ်ဘဝကို လွှမ်းမိုးလာနေပြီဖြစ်သည်။ တက္ကသိုလ်ဝင်တန်းတက်မည့် ကလေးများအနေဖြင့် ဖုန်းသုံးစွဲချိန်ကို လျှော့သွားရန်လိုအပ်သည်။ လူမှုကွန်ရက်သည် သုံးတတ်လျှင် အကျိုးရှိနိုင်သော်လည်း မသုံးတတ်လျှင် အချိန်နှင့် ငွေကြေးကုန်ကျပြီး ပညာသင်ကြားရေးကိုပါ ထိခိုက်နိုင်သည်။
တချို့သောယောကျ်ားလေးများသည် ဖုန်းဖြင့်ဂိမ်းဆော့နေတတ်ပြီး မိန်းကလေးများသည် လူမှုကွန်ရက်ပေါ်မှနေထိုင်မှု ပုံစံများအပေါ်တွင် သာယာနေတတ်ကြသည်။ ထို့ကြောင့် မိဘအုပ်ထိန်းသူများသည် သားသမီးများ၏ တယ်လီဖုန်းသုံးစွဲချိန်ကို စောင့်ကြည့်ကန့်သတ်ထားသင့်သည်။ သားသမီးများကို အလိုလိုက်ခြင်းသည် ချစ်ရာမကျဘဲ နှစ်သလိုဖြစ်နေတတ်ပေသည်။ ပကာသနဆန်သော ပြိုင်ဆိုင်မှုများသည် ကလေးများကို လမ်းမှားသို့တွန်းပို့စေနိုင်သဖြင့် မိဘအုပ်ထိန်းသူများအနေဖြင့် ချင့်ချိန်ဆောင်ရွက်သွားရန် လိုအပ်ပေသည်။
လက်တစ်ကမ်းတွင်ရှိနေ
တချို့သောသူများသည် တစ်ခါကျရှုံးရုံမျှဖြင့် စိတ်ဓာတ်ကျဆင်းသွားတတ်ကြသည်။ စိတ်ထင်ရာလျှောက်လုပ်တတ်ကြသည်။ အပေါင်းအသင်းမှားပြီး မူးယစ်ဆေးဝါး သုံးစွဲတတ်သည်။ အဆိုးရွားဆုံးအချက်သည် လွဲမှားသောနည်းလမ်းဖြင့် ထွက်ပေါက်ရှာခြင်းဖြစ်သည်။
အောင်မြင်သူများကိုကြည့်မည်ဆိုလျှင် အချို့သူများသည် တစ်ချိန်ကကျရှုံးခဲ့ဖူးသည်။ သို့သော် အောင်မြင်လိုသည့် ခိုင်မာသောဆန္ဒရှိနေသဖြင့် အကြိမ်ကြိမ်ကြိုးစား၊ အကြိမ်ကြိမ်ရုန်းကန်ထခဲ့ကြရသည်။
မိမိလည်း ကြိုးပမ်းသွားမည်ဆိုလျှင် မအောင်မြင်စရာ အကြောင်းမရှိချေ။ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့သာလိုသည်။ အောင်မြင်မှုသည် မိမိ၏လက်တစ်ကမ်းတွင်ရှိနေသည်။
ထူးချွန်စွာအောင်မြင်နိုင်
စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့သူများသည် စိတ်ဓာတ်ကျဆင်း နေစရာမလိုပေ။ တမှိုင်မှိုင်တတွေတွေဖြင့် နောင်တရနေရန်လည်း မလိုပေ။ အဓိကလုပ်ဆောင်သွားရမည့် အချက်သည် လာမည့် ပညာသင်နှစ်အတွက် စိတ်သစ်ခွန်အားသစ်များနှင့် ကြိုးစားသွားရန်သာ လိုအပ်သည်။ ပညာသင်နှစ်အစမှစ၍ တစ်နေ့စာတစ်နေ့ပြတ်အောင်သာ ကြိုးစားလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင် အတန်းတင်စာမေးပွဲကြီးကို အလွယ်တကူဖြေဆို အောင်မြင်နိုင်မည်ဖြစ်သည်။ စနစ်တကျသာ လေ့လာသင်ယူလေ့ကျင့် ကျက်မှတ်သွားမည်ဆိုလျှင် ဂုဏ်ထူးများစွာဖြင့်ပင် ထူးချွန်စွာအောင်မြင်နိုင်သည်။
ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု အသီးအပွင့်များမည်သည့်အရာမဆို အချိန်ကကုစားသွားမည်ဖြစ်သည်။ မိဘများအနေနှင့်ကလည်း ကလေးများကို စိတ်ဒဏ်ရာရရှိအောင် လွန်လွန်ကဲကဲဖိအားမပေးသင့်ပေ။ အဆိုးထဲမှ အကောင်းပင်ဖြစ်သည်။
ကောင်းမွန်သောအခြေအနေတစ်ရပ်ကို ဖန်တီးလာခြင်းဖြစ်သည်ဟု သဘောထားသွားရန်သာ လိုအပ်သည်။ ဆိုလိုသည်မှာ လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်အောင် ကြိုးပမ်းနိုင်ရေးအတွက် အခွင့်အလမ်းရှိသည်ဟု သဘောထားရန်သာ လိုအပ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးခဲ့သည့် ကျောင်းသား၊ကျောင်းသူများသည် လာမည့်စာမေးပွဲတွင် အောင်မြင်အောင် ကြိုးစားသွားမည်ဆိုသည့် ခိုင်မာသော သန္နိဋ္ဌာန်စိတ်ဖြင့်သာ ကြိုးပမ်းသွားမည်ဆိုလျှင် အောင်မြင်မှု အသီးအပွင့်များကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်မည်မှာ သေချာပါသည်။ ။
MWD Web Portal
